Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုင်းပြည်တည်ဆောက်ရေးနှင့်ဒိုင်ယာစပိုရာများ၏အရေးပါမှုကိုဆန်းစစ်လေ့လာခြင်း

Arakan Bay News-Article

ဇော်ထွန်း-မြောက်ဦး ရေးသားသည်

နိဒါန်း

“မြေထု၊ ရေထု၊လေထု နှင့် လူထု” လေးခုလုံးကို လွှမ်းမိုးထိန်းချုပ်နိုင်သောသူသည် စစ်မှန်သော အစိုး ရဖြစ်လာသည်ချည်းသာဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဆိုင်တိုက်ခိုက်ကြရာတွင်လည်း “ပြည်သူ့ပူး ပေါင်းဆောင်ရွက်မှုကိုရသောဖက်က အစိုးရဖြစ်လာပြီး ပြည်သူရှောင်ကြဉ်မှုခံရသောဖက်က သူပုန်” ဖြစ်လာ တတ်ပေရာ လက်ရှိ အာရက္ခဒေသတွင် အာရက္ခတပ်တော်က အစိုးရဆန်လာပြီး စစ်ကောင်စီတပ်က သူပုန်ဆန် လာသည်ဟူ၍ပင် ဆိုစရာရှိပေသည်။

သို့သော် ပြည်သူလူထုကို တာဝန်ခံအုပ်ချုပ်ရသော ၊ ပြည်သူလူထု၏ လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများကို စွမ်းဆောင်ရည်အရှိဆုံး ဖြည့်ဆည်းပေးရန်တာဝန်ရှိသော၊ လူထုလက်ခံ ယုံကြည်အားထားသော အစိုးရတစ်ရပ်ဖြစ်လာရန်ကား လွယ်ကူလှသည်မဟုတ်ပေ။ စစ်ကောင်စီတပ်၏ ဘက်ပေါင်းစုံ ရန်ပြုမှု၊ ဆင်းရဲမွဲတည်မှု၊ ရှုပ်ထွေးပွေလီသော လူဝင်မှုနှင့် ဒုက္ခသည်ပြဿနာ လွှဲပြောင်းရရှိမှု၊ လွတ် လပ်စွာကုန်သွယ်နိုင်သော ဈေးကွက်များအဆင်သင့်မရှိမှု စသော မရေတွက်နိုင်သော ပြန်လည်တည်ဆောက် စရာများ စုပြုံတည်ရှိနေသော အာရက္ခဒေသကို တာဝန်ယူရသော အစိုးရတစ်ရပ်၌ မြားမြောင်လှစွာသော လို အပ်ချက်များ တည်ရှိနေမည်မှာ မလွဲမသွယ်ပင်ဖြစ်ပေလိမ့်မည်။ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည်ဖြစ်စေ၊ နိုင်ငံတည်ဆောက်ရေးကို လုပ်ဆောင်သည်ဖြစ်စေ (သို့မဟုတ်) ပညာရေး၊ ကျန်းမာ ရေးစသော အခြေခံပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သည်ပင်ဖြစ်စေ လူအင်အား(Man power)၊ ငွေကြေး(Money) နှင့် စက်ပစ္စည်းနှင့်အခြားဆက်စပ်ပစ္စည်းများ(Machine and its related materials)တို့က မရှိမဖြစ်အရေးပါသည်ဆိုသော်ငြားလည်း စစ်ရေး ၊ နိုင်ငံရေး နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်း တည်ဆောက်နေရသည့် တော်လှန်ရေးအစိုးရတစ်ရပ်အတွက် အခရာအကျဆုံးတစ်ခုကို ရွေးရမည်ဆိုလျင်ကား လူအင်အား (Man Power)ကိုပင် ရွေးချယ်ရပေလိမ့်မည်။ လူအင်အားကို ကာယအား ဖြင့် စွမ်းဆောင်နိုင်သူများ( Labors)၊ ဉာဏအားဖြင့်စွမ်းဆောင်နိုင်သူများ (Skill labors or human resources)နှင့် ဓနအားဖြင့်စွမ်းဆောင်နိုင်သူများ(business men or investor)ဟူ၍ အနည်းဆုံး သုံးမျိုးခွဲခြား နိုင်မည် ဖြစ်ပေရာ ထိုသုံးမျိုးလုံးက အညီအမျှအရေးပါနေမည်ဖြစ်ပေသည်။

၁။ရေကြည်ရာ မြက်နုရာ(သို့မဟုတ်)လူဦးရေနှင့် လူသားအရင်းအမြစ် ယိုဖိတ်မှု

ဗမာလူမျိုးကြီးဝါဒကို စနစ်တကျဇာတ်သွင်းတည်ဆောက်ထားသော စစ်ခေါင်းဆောင်အဆက်ဆက် တို့သည် ဗမာလူမျိုးတစ်မျိုးတည်းကြီးစိုးရေးဝါဒ (Burmese dominant policy) အရ ဗမာလူမျိုးအများစုနေထိုင် သောဒေသများတွင် စီးပွားရေးဗဟိုပြုထားခြင်း (Economic Centralization)နှင့် ပညာရေးဗဟိုပြုထားခြင်း (Education Centralization)တို့ကို စနစ်တကျလုပ်ဆောင်ခဲ့သည်သာမက ဗမာမဟုတ်သော အခြားတိုင်းရင်း သားဒေသများတွင် အလုပ်အကိုင်ရှားပါးအောင်လုပ်ဆောင်ထားခြင်း၊ ဒေသမတည်ငြိမ်အောင်အားထုတ်ခြင်း စသည့်အကြောင်းအရင်းများကြောင့် အာရက္ခပြည်သူမြောက်မြားစွာတို့သည် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက်သော်လည်းကောင်း၊ အဆင့်မြင့်ပညာရေးအတွက်သော်လည်းကောင်း ဆယ်စုနှစ် ပေါင်းများစွာအတွင်း ရခိုင်ရိုးမတောင်တန်းကြီးကို ကျော်လွန်၍ ရေကြည်ရာ၊ မြက်နုရာသို့ ရွေ့ပြောင်းထွက်ခွာ ခဲ့ရပေသည်။ ရည်မှန်းချက်ပြည့်လျင် ပြန်လာမည်ဟု အားတင်းထွက်ခွာခဲ့ကြခြင်းဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပြန်မရောက်နိုင်ကြဘဲ အခြားဒေသတွင် အခြေချသွားကြသူများ၊ သေဆုံးသွားခဲ့ကြသူများ စသဖြင့် အာရက္ခဒေသ၏ လူဦးရေနှင့် လုပ်သားအင်အားကိုပါ များစွာထိခိုက်နေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများ စွာ ကြာမြင့်နေခဲ့ပြီးဖြစ်ပေသည်။ မိမိ၏ ဇာတိဒေသကို စွန့်ခွာ၍ ရွေ့ပြောင်းထွက်ခွာရသည့်အဓိကအကြောင်း အရင်းများတွင် အလုပ်အကိုင်ရှားပါးခြင်းသည်လည်းကောင်း၊ နိုင်ငံရေးမတည်ငြိမ်ခြင်းသည်လည်းကောင်း၊ စစ် ရေးပဋိပက္ခများဖြစ်ပေါ် နေခြင်းသည်လည်းကောင်း၊ အဆင့်မြင့်ပညာရေးအင်စတီကျူးရှင်းများ အားနည်းခြင်း သည်လည်းကောင်း ပါဝင်တတ်ပေရာ အာရက္ခဒေသသည်ကား ထိုအကြောင်းအချက်များအားလုံးနှင့် ကိုက်ညီ နေသည်ဟူ၍ပင် သုံးသပ်ရမည်ဖြစ်ပေသည်။လက်ရှိအချိန်တွင် အာရက္ခပြည်သူလူထု၏ ငါးပုံနှစ်ပုံခန့်မှာ ဘင်္ဂ လားပင်လယ်အော်နှင့် ရခိုင်ရိုးမတောင်တန်းကြီး၏ပြင်ပတွင် ဒိုင်ယာစပိုရာများအဖြစ် ပြန့်နှံ့ရောက်ရှိနေကြ သည်ဟူ၍ပင် နားလည်ရပေသည်။

၂။ မြို့သိမ်းတိုက်ပွဲများအတွင်း အစုလိုက်အပြုံလိုက် ရွေ့ပြောင်းထွက်ခွာမှု

အာရက္ခပြည် မြောက်ပိုင်းဒေသကို ဗဟိုပြုလျက် ဖြစ်ပွားလာသော စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ၏ သက်ရောက်မှုများအဖြစ် အထူးသဖြင့် ငွေကြေးအတိုင်းအတာတစ်ခုထိ တတ်နိုင်သော မိသားစုများသည် အာရက္ခပြည်ပြင်ပသို့ နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ခွာသွားခဲ့ကြသည်ကိုတွေ့ရသည်။ ခေတ္တယာယီသဘော မျိုး ထွက်ခွာသွားခဲ့ကြဟန်တူသော်လည်း ၁၁ မျဉ်းစောင်းကိုင်ဆောင်သူများခရီးသွားလာခြင်းကို ကန့်သတ်ခြင်း ၊ ကုန်းလမ်း၊ရေလမ်းသာမက လေယာဉ်ဖြင့်သွားလာမှုကိုပါ ပိတ်ဆို့ကန့်သတ်ခြင်း၊ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခြင်းစသော စစ်ကောင်စီတပ်၏ လူမျိုးရေးဆန်သော လုပ်ရပ်များကြောင့် အိုးအိမ်စွန့်ခွာလာကြရသူများ မှာ တစ်ပူပေါ်နှစ်ပူဆင့်လျက် သောကဗျာပါဒများနေကြရသည်ကိုသာ တွေ့ရပေသည်။ အာရက္ခတပ်တော်၏ စစ်သားသစ်စုဆောင်းနိုင်မှုကို လျော့ချလိုခြင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဟန့်တားလိုခြင်း၊ ထောက်ပို့အင်အားကို ချဲ့နဲ့စေလိုခြင်း၊ စစ်ကောင်စီတပ်တွင် အတင်းအဓမ္မစစ်မှုထမ်းခိုင်းလိုခြင်း၊ အာရက္ခတပ် တော်၏ သတင်းအချက်အလက်များကို စုံစမ်းလိုခြင်း၊ လူမျိုးရေးအပေါ်အခြေခံ၍ နိုင်ထက်စီးနင်းလုပ်လိုခြင်း စသည့် အကြောင်းများကြောင့် အာရက္ခပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လိုမှုကို နည်းမျိုးစုံနှင့် ဟန့်တားနေ သည်ကိုတွေ့ရပြီး ထွက်ခွာရန်ကြိုးစားသူများကိုကား တစ်နည်းတစ်ဖုံဖြင့် ခွင့်ပြုထားခြင်းမျိုးကို တွေ့ရပေ သည်။ သံတွဲ၊ တောင်ကုတ်၊ အမ်းနှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီတပ်ကတောင်းဆိုသည့်ငွေကိုပေးလျင် ပညာသင်ကြားရန်၊ ဆေးကုသရန်စသော မမှန်ကန်သောအကြောင်းပြချက်မှန်းသိသော်လည်း မြို့ကထွက်ခွာ ခွင့်ပေးခဲ့သည်ကိုတွေ့ရပေသည်။  ငွေလည်းရ ရည်ရွယ်ချက်လည်းပြည့်ဆိုသည့် သဘောမျိုးဟု နားလည်နိုင် ပေသည်။ အမှန်မှာ အာရက္ခပြည်မဟုတ်သော အခြားနေရာတစ်ခုတွင် ပိတ်လှောင်ထားလိုသည့် ရည်ရွယ်ချက် ပင်ဖြစ်ဟန်ရှိပေသည်။ မြို့သိမ်းတိုက်ပွဲများအတွင်း အခြားနေရာများသို့ ပြောင်းရွေ့ထွက်ခွာသွားကြသူ အများ စုမှာ ဓနရှင်အသိုင်းအဝိုင်းနှင့် လူသားအရင်းအမြစ်များဖြစ်သည်ကိုတွေ့ရပြီး နိုင်ငံတော်တည်ဆောက်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အရေးပါသော အသိုင်းအဝိုင်းများဖြစ်သည်ကို သတိထားမိ ပေသည်။ “အသက်ထက်အရေးမကြီးဟု သဘောပိုက်ပြီး လုံခြုံမည်ထင်သောနေရာကို တိမ်းရှောင်သွားကြခြင်း ဖြစ်သည်” ဟု သာမန်နားလည်ရသော်လည်း စစ်ကောင်စီထိန်းချုပ်နေမြေများကို ခိုလှုံသွားကြခြင်းမျိုး ဖြစ်သ ဖြင့် ထိုအသိုင်းအဝိုင်းများ၏ လုံခြုံရေးနှင့် ရေရှည်ရပ်တည်နိုင်မှုမှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်ပေသည်။ စစ်ကောင်စီ တပ်၏ လူမျိုးရေးအမုန်းတရားဆန်သော သွေးထိုးလှုံ့ဆော်မှုများကိုပင် တွေ့လာရသဖြင့် လုံခြုံရေးသတိအ ပြည့်ဖြင့် နေထိုင်သွားလာလှုပ်ရှားကြရန် လိုအပ်ပေသည်။ အခြေအနေပေးလျင်ပေးသလို လွတ်မြောက်နယ် မြေများသို့ ပြန်လာရန် အားထုတ်သင့်ပေသည်။

၃။ ဝန်ထမ်းများ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှု

စစ်ကောင်စီတပ်နှင့် ၎င်းဦးဆောင်သည့် အစိုးရယန္တယားအမျိုးမျိုးထဲရှိ ဝန်ထမ်းလောကတွင် ဗမာလူ မျိုးပြီးလျင် အများဆုံးမှာ ရခိုင်လူမျိုးများဖြစ်သည်ဟု ဆိုစမှတ်ပြုကြသည်ကိုတွေ့ရသည်။ ဤသို့ဖြစ်နေသည် မှာ ထိုအစိုးရယန္တယားကို ကြိုက်နှစ်သက်လွန်း၍ ဖြစ်ရသည်မျိုးမဟုတ်ဘဲ အလုပ်အကိုင်ရှားပါးခြင်း၊ ဆင်းရဲမွဲ တေခြင်း နှင့် အာရက္ခပြည်နှင့်ထိစပ်နေသော နယ်စပ်နိုင်ငံများတွင်လည်း အလုပ်အကိုင်အခွင့်အလမ်ရှားပါး ခြင်းစသည့် အကြောင်းရင်းကြီးများကြောင့်သာ ဖြစ်ဟန်ရှိပေသည်။ “အလုပ်မမြင်၊ ရဲသားဝင်၊ မုတ်ဆိတ်ဖြူမှ တစ်ရိုက်ရ” ဟူသော သရော်သည့်စကားများ အာရက္ခပြည်နေရာအနှံ့တွင် ပြောစမှတ်ပြုကြသည်မှာ သာဓက ပင်ဖြစ်ပေသည်။အာရက္ခပြည်တွင်းရှိ သာမန်ပြည်သူများ၏ သားသမီးများကို ကျောင်းပညာသင်စေခြင်းမှာ လည်း အစိုးရဌာနတစ်နေရာတွင် အလုပ်အကိုင်တစ်ခုခုရရှိစေရန်ပင်ဖြစ်ကြောင်း တွေ့ရပေသေးသည်။ “အလုပ်အကိုင် ရှာမရအောင်ရှားပါးသော ဒေသထဲတွင် ဝန်ထမ်းနေရာတစ်ခုခုရထားမှ နောင်ရေးအတွက် စိတ်အေးရမည်” ဟူ၍ပင် လက်ခံယုံကြည်ထားကြသည်ကိုတွေ့ရပေသည်။ သာမန်ပြည်သူများ၏ ခံယူချက်ထဲ တွင် အစိုးရဝန်ထမ်းဖြစ်ခြင်းသည်ပင် ပညာတတ်ဖြစ်ခြင်းဟု မှတ်ယူထားကြသည်ကို သတိထားမိပေသည်။ “ကျောင်းပညာသင်ခြင်းသည် အစိုးရဝန်ထမ်းဖြစ်ရန်အတွက် ၊ ဝန်ထမ်းဖြစ်ခြင်းသည ဂုဏ်သိက္ခာနှင့် နောင်ရေး အေးရန်အတွက်”ဟု ပုံသေမှတ်ယူထားကြသဖြင့် ဝန်ထမ်း‌လောကသည်ပင် အခွင့်ရေးထူးတစ်ရပ်ကို ရရှိပိုင် ဆိုင်ထားကြဟန်ရှိခဲ့ပေသည်။ အမှန်မှာ ဤသို့ တက်တက်စင်အောင်လွဲနေသော အယူအဆများ ကိန်းအောင် လာစေရန် အုပ်ချုပ်သူအဆက်ဆက်တို့က စနစ်တကျပုံစံချစီမံထားခဲ့ခြင်းပင် ဖြစ်ပေသည်။ စိုက်ပျိုးမြေများများ တွင် လူနည်းနည်းနေထိုင်ပြီး ‌ရေနံ၊ သဘာဝဓာတ်ငွေ့၊ သဲ၊ ကျောက်၊ ထုံးကျောက်၊ မာဘလ်ကျောက်၊ ပုလဲ၊ ကမ်းခြေများ၊ ရေချိုမြစ်ကြီးများ၊ ‌ရှေးဟောင်းဇုံကြီးများ၊ ရိုးမတောင်တန်းကြီးနှင့် ပင်လယ်ပြင်ကြီးကိုပါ ပိုင်ဆိုင် ထားသည့် ၂၀၁၅ မတိုင်မီအထိ ပြည်တွင်းစစ်ပွဲများပါမရှိခဲ့သော ဒေသတစ်ခုတွင် ဆင်းရဲမွဲတည်ခြင်း၊ အလုပ် အကိုင်ရှားပါးခြင်းနှင့် အစိုးရဝန်ထမ်းအလုပ်သည်ပင် လူငယ်များအတွက် အကောင်းဆုံးရွေးချယ်စရာ ဖြစ်နေ ခြင်းတို့မှာ သာမန်တိုက်ဆိုင်ခြင်းမျိုးဟု ယူဆနိုင်မည်မဟုတ်ပေ။

တိုင်းပြည်ပျက်ချိန်တွင် လူမှုစီးပွားဒုက္ခများကို လူတန်းစားအလွှာတိုင်း ခံကြရသည်မှန်သော်လည်း အစိုးရဝန်ထမ်းများဖြစ်ကြသော အလယ်အလတ်တန်းစားအုပ်စုများမှာ ပို၍ခက်ခဲကြသည်ကိုတွေ့ရပေသည်။ လစာငွေကို မဏ္ဍိုင်ပြု၍ တစ်နည်းနည်းဖြင့်ဖန်တီးထားသော အခြားဝင်ငွေတချို့ဖြင့် လူတန်းစားမီအောင် နေထိုင်စားသောက်ခဲ့ကြရသော်လည်း အာရက္ခတပ်တော်၏ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအပြီးတွင် တာဝန် ထမ်းဆောင်နေသည့် စစ်ကောင်စီကလည်း တာဝန်ယူ၊ တာဝန်ခံမှု လုံးဝမရှိတော့သည့်အတွက် လစာသာမက ဝန်ထမ်းလုပ်ငန်းကြီးတစ်ခုလုံးပါ ရပ်တန့်သွားခဲ့ကြရာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသာမက လူမှုစီးပွားရေးဘဝကို ပါ ထိခိုက်လာခဲ့သည်ကိုတွေ့ရပေသည်။ ငွေကြေးချမ်းသာသူများက ကုန်သွယ်စီးပွားလုပ်ငန်းများကို လုပ်ကိုင် ၍ ခေတ်ပျက်ကိုကျော်ဖြတ်ကြခြင်း၊ လူဆင်းရဲများကလည်း ကြုံရာကျပန်းလုပ်၍ ရင်ဆိုင်ကျော်ဖြတ်ခြင်းမျိုး ကို တွေ့ရသော်လည်း အစိုးရဝန်ထမ်းများမှာ အလုပ်အကိုင်မရှိ ယောင်ရှာရှာဖြစ်ကြရသည်ကို များသောအား ဖြင့် တွေ့ရပေသည်။ ကျောင်းဆရာ/မများအပါအဝင်ဖြစ်သော ဝန်ထမ်းများမှာ မုန့်ရောင်း၊ ဆီရောင်း၊ ဟင်း ရောင်း၊ ငါးရောင်းစသော သာမန်အောက်ခြေ အရောင်းသမားဘဝများမှသည် ကုန်သည်ပွဲစားထိအောင် ပုံစံအ မျိုးမျိုးဖြင့် တွေ့ရပေသည်။ ကျောင်းဆရာ/မတချို့မှာ အိမ်ကျူရှင်ဝိုင်းကလေးများဖွင့်၍ ရပ်တည်နေကြ သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကြောင့် သင်ကြားသင်ယူရေးလုပ်ငန်း များကိုလည်း ‌ကောင်းမွန်ထိရောက်စွာ လုပ်ဆောင်နိုင်ကြသည်ကို မတွေ့ရှိရပေ။ ထို့ကြောင့် ထိုလူမှုစီးပွားအ ကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နေပြည်တော်၊ ရန်ကုန်နှင့် စစ်ကောင်စီထိန်းချုပ်သော မြန်မာပြည်၏ အခြားနေရာများသို့ နည်းလမ်းပေါင်းစုံနှင့်သွားရောက်ကာ စစ်ကောင်စီထံ၌ တာဝန်ထမ်းဆောင်ကြသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရပေသည်။ “အူမ တောင့်မှ သီလပြောင့်ရသည်”ဆိုသော်လည်း ယာယီဖြစ်ပေါ် နေသော အကျပ်အတည်းကို ဖြစ်သည့်နည်းနှင့်ခါးစည်းမခံဘဲ ပြည်သူလူထုကို မိမိတို့မျက်စိရှေ့တွင် အစုလိုက် အပြုံလိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စုထံသို့ ပြန်လည်‌ရွေးချယ်ခိုလှုံသွားခြင်းသည် ကောင်းသော ရွေးချယ်ခြင်းဖြစ်လိမ့်မည်ဟု မယူဆနိုင်ပေ။ မြန်မာပြည်အနှံ့တွင် ပေါ်ပေါက်လာသော အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) များတွင် ပါဝင်ခြင်းမပြုကြရန် အာရက္ခတပ်တော်က ထိန်းသိမ်းပေးခဲ့ခြင်းမှာ ဝန် ထမ်းများ၏ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် လူမှုစီးပွားရေးနှင့် လုံခြုံရေးဂယက်များကို မဖြစ်စေလိုခြင်း နှင့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို မထိခိုက်စေလိုခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း နားလည်ရပေသည်။ တစ်နည်းအားဖြင့် လူ့အရင်းအမြစ်ရှားပါး၍ အစစအရာရာတွင် သူများထက်နောက်ကျနေသော အာရက္ခပြည် အတွက် လူ့အရင်းအမြစ် ဖိတ်စင်မှုမဖြစ်ရအောင် ကြိုတင်တားဆီးခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ လက်ရှိ အချိန်တွင် အာရက္ခပြည်၏ တစ်ဝက်ကျော်မျှကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော်သည် ပြန် လည်တည်ဆောက်ရေးလုပ်ငန်းများ နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်အတွက် လူ့အရင်းအမြစ်များ လိုအပ်နေချိန်ဖြစ်ပေသည်။ ထိုအခြေအနေကို ကောင်းစွာနားလည်ထားသော စစ်ကောင်စီ တပ်သည် လူသားအရင်းအမြစ်များ အာရက္ခပြည်ပြင်ပသို့ ထွက်ခွာသွားရန် နည်းမျိုးစုံနှင့် ကြိုးစားနေချိန်လည်း ဖြစ်ပေသည်။ ထိုအချိန်တွင်မှ အာရက္ခပြည်၏လိုအပ်ချက်များကို ကိုယ်နိုင်သည့်ဖက်က ဝင်ရောက်တာဝန် ယူရန်မကြိုးစားဘဲ ကိုယ်လွတ်ရုန်း ရှောင်ထွက်သွားခြင်းသည် မိမိနှင့် မိသားစုဂုဏ်သိက္ခာ အတွက်သော်လည်း ကောင်း ၊ ဘက်ပေါင်းစုံချွတ်ခြုံကျနေသော တစ်နိုင်ငံလုံးရှေ့တန်းစခန်းဖြစ်နေသည့် စစ်ကောင်စီလောင်းရိပ် အောက်၌ အနာဂတ်လုံခြုံရေးအာမခံချက်မရှိသည့် အခြေအနေရသော်လည်းကောင်း၊ လူသားအရင်းအမြစ် ယိုဖိတ်မှုဖြစ်စေသည့် အမျိုးသားရေးအကျိုးစီးပွားဆုတ်ယုတ်ခြင်းရှုဒေါင့် အရသော်လည်းကောင်း ကောင်း ကျိုးထက် ဆိုးကျိုးများနိုင်သည့် အနေ အထားများသာဖြစ်နိုင်ကြောင်း သုံးသပ်လိုပေသည်။ စစ်ရေးကို ဦးစား ပေးဆောင်ရွက်နေရသောကာလဖြစ်သဖြင့် ဝန်ထမ်းများ၏ သက်သာရှောင်ချိရေးကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ချက်ရှိနိုင်သေးသည်ဟုဆိုသော်လည်း အချိန်အတိုင်းအတာတစ်ခုထိ ခါးစည်းတောင့်ခံနိုင်လျင် စစ် ကောင်စီထက်သာလွန်သော အကျိုးခံစားခွင့်များ မကြာသောအချိန်အတွင်း ရရှိလာနိုင်မည်မှာ မလွဲမသွယ်ပင် ဖြစ်နိုင်ပေသည်။

၄။ တိုင်းပြည်တည်ဆောက်ရေးနှင့် ဒိုင်ယာစပိုရာများ၏ အခန်းကဏ္ဍ

အာရက္ခတပ်တော် ဖွံ့ဖြိုးကြီးထွားလာရခြင်း၏ အဓိကကျသော အကြောင်းရင်းတစ်ခုတွင် ဒိုင်ယာစပို ရာများ၏ ပံ့ပိုးအားကလည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုလျင် ငြင်းနိုင်မည်မထင်ပေ။ တပ်ဦးကာလတွင် ဒိုင်ယာစပိုရာများ အရေးပါခဲ့သကဲ့သို့ပင် တော်လှန်ရေးမုန်တိုင်းကာလတွင်လည်းကောင်း၊ လေပြေလေညှင်း များ စတင်သန်းလာနေသော ယခုကဲ့သို့ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲများ အောင်ပွဲဆင်နေချိန်တွင်လည်းကောင်း၊ တိုက်ပွဲများအလွန် ပြန်လည်တည်ဆောက်ရေးကာလတွင်လည်းကောင်း ဒိုင်ယာစပိုရာများ၏ အခန်းကဏ္ဍက ဆက်လက်အရေးပါနေဦးမည်ပင်ဖြစ်ပေသည်။ ရန်ကုန်၊ မန္တလေး၊ ကချင်၊ ထားဝယ်စသော မြန်မာနိုင်ငံ၏ နေရာ အစိတ်အပိုင်းအမျိုးမျိုးသို့သော်လည်းကောင်း၊ ကမ္ဘာ့အရပ်မျက်နှာအသီးသီးရှိ နိုင်ငံအမျိုးမျိုးသို့ သော် လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် ပြန့်ကြဲရောက်ရှိသွားကြသော အရေအတွက်သည် အနည်းဆုံး တစ်သန်းခန့်မျှ ရှိလိမ့်မည်ဟု ခန့်မှန်းရပေသည်။ အများစုမှာ ကာယလုပ်သားများဖြစ်ကြပြီး ကျွမ်းကျင် လုပ် သားများ နှင့် ဉာဏလုပ်သားများလည်း ရာဂဏာန်းမကရှိနေနိုင်ပေသည်။ မည်သည့်လုပ်သားပုံစံဖြင့် ရှိနေ သည်ဖြစ်စေ လူတိုင်းလိုလိုသည် မိမိဒေသတွင်ကျန်နေသော မိသားစုဝင်များအတွက် လစဉ်ငွေများ ထောက်ပံ့ ပေးလျက်ရှိနေကြပေသည်။ မြန်မာကျပ်ငွေ ငါးသိန်းမှ သိန်းတစ်ရာကျော်အထိ လွှဲနိုင်ကြသည်ကို လေ့လာ တွေ့ရှိရပေသည်။ လစဉ်ငွေ မလွှဲနိုင်သည်များရှိသည်ဆိုသော်လည်း အနည်းဆုံး နှစ်လနှင့်သုံးလကြားတစ်ခါစီ ကြိုးစားလွှဲပေးကြကြောင်းကိုလည်း လေ့လာတွေ့ရှိရသည်။ ပျမ်းမျှအားဖြင့် လူတစ်ဦးလျင် ကျပ်ငွေငါးသိန်း ကျစီ လွှဲပေးကြသည်ဆိုပါက လူတစ်သန်းဆိုလျင် ကုဋေငါးသောင်း(၅၀၀,၀၀၀,၀၀၀,၀၀၀)ခန့်ရောက်လာမည်၊ ကုဋေငါးသောင်းကို ပြည်တွင်းထဲတွင်ရှိနိုင်သော လူလေးသန်း(၄,၀၀၀,၀၀၀)နှင့်စားလျင် ပုခက်တင်ကလေး အပါဝင် တစ်ဦးလျင် တစ်သိန်းနှစ်သောင်းငါးထောင်(၁၂၅,၀၀၀)ကျပ်ခန့်အထိ ရရှိနိုင်ပေသည်။ လစဉ်နှင့်အမျှ ဝင်နေသည့် တိုင်းပြည်ဝင် ငွေပုံစံမျိုးဖြစ်သဖြင့် စီမံခန့်ခွဲနိုင်လျင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အတွက် အတိုင်းအတာတစ်ခုထိ အကျိုးရှိနိုင်သည်ကို သတိပြုသင့်ပေသည်။ အာရက္ခပြည်သူများ စုဝေးနေ ထိုင်သော ပြည်တွင်းပြည်ပရှိ နေရာ အနှံ့အပြားတွင် အာရက္ခအကျိုးပြု ငွေလွှဲအေဂျင်စီများတည် ထောင်ခြင်း မှတစ်ဆင့် ဘဏ်အဆင့်သို့အထိ တစ်စစ ပြောင်းလဲတည်ဆောက်ယူနိုင်မည့် အနေအထားမျိုးဖြစ်နေသည်ကို သတိထားမိပေသည်။

သို့သော် အာဏာသိမ်းမှုနောက်ဆက်တွဲဆိုးကျိုးအဖြစ် ပြည်တွင်းထုတ်လုပ်မှုကျဆင်းလာခြင်း၊ နိုင်ငံ တချို့၏ စီးပွားရေးဒဏ်ခတ်အရေးယူပိတ်ဆို့မှုအမျိုးမျိုးရှိလာခြင်း၊ ပို့ကုန်လုပ်ငန်းလုံးဝကျဆင်းသွားရုံမက သွင်းကုန်ကဏ္ဍကိုပါ ထိရောက်ကောင်းမွန်စွာလုပ်ဆောင်နိုင်မှုအားနည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများ အလျှိုလျှိုထွက်ခွာသွားကြခြင်း စသည့် များပြားလှသော အကြောင်းတရားများကြောင့် မြန်မာကျပ် ငွေတန်ဖိုးအလွန်အမင်းကျဆင်းလျက်ရှိပေရာ ငွေကြေးဖောင်းပွမှု(Inflation)ကတစ်ဆင့် အလွန်အမင်းဖောင်း ပွလာမှု(Hyperinflation)ထိအောင် ဦးတည်လာနေလျက်ရှိသဖြင့် အာရက္ခဒိုင်ယာစပိုရာများ၏ မိသားစုထံသို့ လွှဲပေးသောငွေများသည်လည်း ဗမာကျပ်ငွေ မခိုင်မာမှု၏ ရိုက်ချက်ကို ခံကြရမည်ဖြစ်သည့်အတွက် အာရက္ခ တပ်တော် သိမ်းပိုက်ရရှိထားသော လွတ်မြောက်နယ်မြေများတွင် ဗမာကျပ်ငွေအစား အခြားငွေကြေး တစ်ခုခု ကို အစားထိုးသုံးစွဲရန် လိုအပ်လာမည်လားဆိုသည်ကို စဉ်းစားချင့်ချိန်သင့်သည်ဟု ယူဆပါသည်။ ထိုသို့ ငွေကြေးအစားထိုး သုံးစွဲမှုအပိုင်းတွင်လည်း ဒိုင်ယာစပိုရာများ၏ လွှဲပြောင်းပေးငွေများက အရေးပါနေမည်ပင်ဖြစ်ပေသည်။ ထို့အပြင် ဒိုင်ယာစပိုရာများတွင် လူ့အရင်းမြစ်များ (Resource persons or skill labours) များလည်းရှိနေသဖြင့် မူဝါဒရေးရာအကြံပြုမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ နည်းပညာကောလိပ်များနှင့် တက္ကသိုလ်များတည်ဆောက်ရေးအတွက်ပါ ချိတ်ဆက်လုပ်ဆောင်နိုင်မည့် အခြေ အနေများလည်းရှိနေပေသေးသည်။ စံပြကျေးရွာသစ်များတည်ဆောက်မှု၊ စံပြမြို့များတည်ဆောက်မှု၊ အသေးစားစက်မှုဇုံများတည်ဆောက် မှု၊ ပြည်သူပိုင်လုပ်ငန်းများတည်ထောင်မှု၊ အစိုးရစာချုပ်များရောင်းချမှု စသော ရင်းနှီးမြှုပ်နံရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများတွင်လည်း ဒိုင်ယာစပိုရာများ၏ အခန်းကဏ္ဍက ဆက်လက်အရေးပါနေဦးမည်ပင် ဖြစ် ပေသည်။ ထို့ကြောင့် မြန်မာပြည်တွင်းနှင့် နိုင်ငံတကာရောက် အာရက္ခဒိုင်ယာစပိုရာများအနေဖြင့်လည်း အာရက္ခ အစိုးရ၏ ချိတ်ဆက်လာမှုကို စောင့်ဆိုင်းနေသည်ထက် စနစ်ကျသောစုဖွဲ့မှုများနှင့် ကွန်ယက်ချိတ် ဆက်မှုများကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် မိမိတို့၏ ပူးပေါင်းဆောင်ရွက်ရန် အဆင့်သင့်ရှိမှုကို ပြသရန်ကြိုး စားသင့်ပေသည်။

၅။ အာရက္ခတပ်တော်၏ ဒိုင်ယာစပိုရာများနှင့် ယာယီရွေ့ပြောင်းများအပေါ် သဘောထား

အထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်း အာရက္ခတပ်တော်အားကောင်းမောင်းသန်ဖြစ်လာရခြင်း၏ အဓိက အကြောင်းအရင်းတစ်ချက်မှာ ဒိုင်ယာစပိုရာများ၏ အားပေးမှုနှင့်ထောက်ပို့မှုကို ကောင်းမွန်စွာရရှိခဲ့ခြင်းဖြစ် ပေရာ အပြန်အလှန်အားဖြင့် အာရက္ခတပ်တော်အနေဖြင့်လည်း ထိုအင်အားကို အလေးထားမည်မှာ အသေ အချာပင်ဖြစ်နိုင်ပေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ငုပ်လျှိုးနေခဲ့သော အမျိုးသားရေးစိတ်အဟုန်ကို သေနတ်သံ ဖြင့် လှန့်နှိုးပြခဲ့ရုံမက အောင်ပွဲအလီလီကိုပါ ယူဆောင်ပြနိုင်ခဲ့သော အာရက္ခတပ်တော်အား နိုင်ငံတကာရောက် ဒိုင်ယာစပိုရာများကလည်း အရင်ကထက်ပို၍ ယုံကြည်မှု၊ မျှော်လင့်မှု၊ အားကိုးမှုများရှိလာကြောင်းကို နိုင်ငံ အလိုက်စုဖွဲ့ထားသော အာရက္ခအသိုင်းအဝိုင်းများ၏ ဆန္ဒပြလှုပ်ရှားမှုများတွင်လည်းကောင်း၊ ထုတ်ပြန်ချက် များတွင်လည်းကောင်း၊ တပ်မှူးချုပ်နှင့် တွေ့ဆုံသည့် တပ်မွေးနေ့ အွန်လိုင်းကွန်ဖရန့်များတွင်လည်းကောင်း ထင်ရှားစွာတွေ့နိုင်ပေသည်။ သို့သော် ထိုစုဖွဲ့မှုများသည် အာရက္ခပြည်သူ့အသံကို ထင်ဟပ်စေရေးလှုပ်ရှားမှု များ၊ တော်လှန်ရေးထောက်ပို့လုပ်ဆောင်မှုများ နှင့် အရေးဆိုတိုက်တွန်းမှုတချို့ကို ‌ပေးနိုင်ရုံလောက်သာ ခရီး ရောက်သေးသည်ကို တွေ့ရှိရပေသည်။ အခြေအနေ၏ပေးထားချက်အပေါ်တွင်မူတည်၍ ထိုမျှသာ ခရီးရောက်နေသေးခြင်းဖြစ်နိုင်သည်ဟု နားလည်ရသော်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသော အင်စတီကျုရှင်းများဖြစ်ပေါ်လာရေးနှင့် မူဝါဒရေးရာအကြုံပြုချက်များ ပေးနိုင်ရေးအပိုင်းတို့တွင်ပါ ဒိုင်ယာစပိုရာများ ပါဝင်လာ နိုင်ရန် လမ်းကြောင်းဖွင့်ပေးထားခြင်းမျိုးကို သတိမထားမိသေးပေ။ အဖက်ဖက်တွင် ခြေသံလုံလုံဖြင့် တိတ်တဆိတ်ကြီးထွားမှု (Silent Growing) ကို ပိုမိုအားသန်သောအဖွဲ့အစည်းဖြစ်သဖြင့် တရားဝင်ချပြလုပ်ဆောင်ခြင်း ကို ရှောင်ရှားသည်မျိုးလည်း ဖြစ်နိုင်ပေသည်။ မည်သို့ဆိုစေ ဤကိစ္စမျိုးသည် တရားဝင်ချပြစုစည်းလျက် လုပ်ဆောင်လာရမည်ပင်ဖြစ်ပေသည်။ အာရက္ခပြည်ပြင်ပရောက်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မည့် ဝန်ကြီး ဌာန (Ministry of External Affairs)တည်ဆောက်လျက် သီးသန့်မူဝါဒများရေးဆွဲကာ အင်စတီကျူးရှင်းများ တွင်ပါဝင်လာရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့ကို စနစ်တကျလုပ်ဆောင်နိုင်ရန် လိုအပ်ပေသည်။

အာရက္ခတပ်တော်အနေဖြင့် စစ်ကောင်စီဝန်ထမ်းများထဲက လက်နက်ကိုင်ခဲ့ကြသည့် စစ်ဖက်၊ ရဲဖက်တွင် တာဝန်ထမ်းဆောင်ခဲ့သူများကိုပင် လာ‌ရောက်ပူးပေါင်းရန် အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုသည်ကို ကြည့် ခြင်းအားဖြင့် လုံခြုံရေးအရသော်လည်းကောင်း၊ ဘဝရပ်တည်ရေးအတွက်သော်လည်းကောင်း ယာယီထွက်ခွာ သွားသူများကိုလည်း လက်ကမ်းကြိုဆိုနေမည်မှာ မလွဲမသွေပင်ဖြစ်ပေသည်။ သို့သော်လည်း တစ်ထပ်စာကို တစ်သက်စာထင်၍ အမေကျော်ဒွေးတော်လွမ်းသူများအတွက်ကား နေရာရှိလိမ့်မည်ဟု မထင်ရပေ။ ချွေး၊ သွေး၊ အသက်များကို လောင်းကြေးထပ်၍ ပေးဆပ်နေရသောခရီးတွင် တာဝန်ယူမှုနှင့် ထိုက်တန်သည့် အခွင့် အရေးသာရှိမည်ဟုလည်း တပ်မှူးချုပ်၏ အင်တာဗျူးများတွင် မကြာခဏတွေ့ရတတ်ပေရာ အေးအတူ၊ ပူအမျှ ဝေမျှခံစားခြင်းကသာ အားလုံးအတွက် ပိုမိုအကျိုးရှိနိုင်လိမ့်မည်ဟု ထပ်ဆင့်သုံးသပ်တင်ပြလိုပေသည်။ စစ်ကောင်စီ၏ လောင်းရိပ်အောက်၌ ကြက်ခြံတွင် လှောင်ထားသောကြက်များကဲ့သို့ အချိန်မရွေးသတ်စား၍ ရနိုင်သည့် အနေအထားမျိုးသို့ ဆိုက်ရောက်သွားရမည့်အတူ တော်လှန်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ခရီးကြမ်းထဲတွင် အတူရင်ဆိုင်ဖြတ်ကျော်လျက် ညီညီညွတ်ညွတ်ကြိုးစားရုန်းကန်ခြင်းမျိုးကသာ ပို၍အကျိုး များနိုင်မည်ဖြစ်ပေသည်။

နိဂုံးချုပ်သုံးသပ်တင်ပြခြင်း

ကမ္ဘာ့သမိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် တော်လှန်ရေးတိုက်ပွဲများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်း များကို စီစစ်ဆွဲထုတ်ရသော် (၁) ဒီမိုကရေစီ၊ ကွန်မြူနစ် စသော နိုင်ငံရေးအယူဝါဒ ကွဲပြားခြင်း၊(၂) ဆင်းရဲ မွဲတည်မှုနှင့် ခွင့်တူညီမျှမှုမရှိခြင်း၊(၃) အမျိုးသားအမှတ်သညာနှင့် ဂုဏ်သိက္ခာကိုပြန်ရလိုခြင်း၊ (၄) အချုပ်အချာ အာဏာရရှိလိုခြင်း၊ (၅) အရင်းအမြစ်များခွဲဝေရရှိလိုခြင်း စသဖြင့် အမျိုးစုံစွာတွေ့ရှိရပေသည်။ အထက်ဖော် ပြပါအချက်များထဲမှ အကြောင်းအချက်တစ်ခုတည်းအတွက် တော်လှန်တိုက်ပွဲဝင်ကြသူများမှာ လိုအပ်သော ရည်မှန်းချက်ပြည့်လျင် တော်လှန်ရေးပြီးဆုံးသွားတတ်သော်လည်း အချက်ငါးချက်စလုံးနှင့် အကျုံးဝင်နေသော အာရက္ခတပ်တော်၏ တော်လှန်ရေးခရီးမှာမူကား ပို၍တာဝန်ကြီးသည်ကို သတိထားမိကြမည်ဖြစ်ပေသည်။ အမြစ်မကျန်အောင် ဆွဲနှုတ်ဖြိုဖျက်ရသော တော်လှန်ရေးလုပ်ငန်းစဉ်ကြီးနှင့်အတူ တစ်စစီပြန်ကောက်၍ အသစ်တည်ဆောက်ယူရမည့် နိုင်ငံတည်ဆောက်ရေး (State Building) နှင့် တိုင်းပြည်တည်ဆောက်ရေး (Nation Building)လုပ်ငန်းတို့ကလည်း ကျွဲကူးရေပါ ကပ်ပါလာပေရာ အာရက္ခပြည်သူတစ်ဦးတစ်ယောက် ချင်းစီ၏ ပူးပေါင်းပါဝင်အားဖြည့်မှုက အခြားဒေသများထက် အရေးပါမည်မှာ မလွဲမသွယ်ပင် ဖြစ်နိုင်ပေသည်။ သံဃာ့အဖွဲ့အစည်းများနှင့် အခြားဘာသာရေးအသင်းအဖွဲ့များက အာရက္ခပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ငြိမ်း အေးမှုရသကို ခံစားမိကြစေရန်လည်းကောင်း၊ ဆရာ/မအသိုင်းအဝိုင်းက အရည်အချင်းရှိ၍ အကျင့်စာရိတ္တ ကောင်းမွန်သော မျိုးဆက်သစ်များပျိုးထောင်လေ့ကျင့်ပေးခြင်းဖြင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ငွေရှင်ကြေးရှင်များကလည်း ပြည်တွင်းထုတ်လုပ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်သော်လည်း ကောင်း စသည်ဖြင့် ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများတွင် ကိုယ်နိုင်ရာက ကျရာအခန်းကဏ္ဍက ပါဝင် အားဖြည့်ပေးကြရမည်ဖြစ်ပေသည်။ ကာယအားဖြင့်နိုင်သူက ကာယအားကိုသုံး၍ ဉာဏအားဖြင့်နိုင်သူက ဉာဏအားကိုသုံး၍ ဓနအားဖြင့်နိုင်သူက ဓနအားကိုသုံး၍ တက်ညီလက်ညီဆောင်ရွက်ကြရန် အထူးအရေးကြီး ပေသည်။ ဘက်စုံတော်လှန်ရေးမှသည် ဘက်စုံတည်ဆောက်ရေးသို့ ဉီးတည်နေသောကာလတွင် ကိုယ်လွတ် ရုန်းရှောင်ထွက်သွားခြင်းထက် စစ်မှန်သောမျိုးချစ်စိတ်ကိုအရင်းခံ၍ ကျရာနေရာတွင် နိုင်ရာဝန်ကိုထမ်းလျက် သစ်လွင်သော အနာဂတ်ခရီးကို တွဲလက်ညီညီချီတက်ကြရန် အထူးလိုအပ်ပေသည်။ အထူးသဖြင့် မြေတစ် လက်မတိုင်းကို သွေးနှင့်ရင်း၍ ဖလှယ်ရယူနေရသော ကာလမျိုးတွင် အများပြည်သူ၏ အသက်ပေါင်းများစွာကို လက်နက်မျိုးစုံဖြင့် နေ့စဉ်ရက်ဆက် ရက်ရက်စက်စက်နှုတ်ယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူး ပေါင်းဆောင်ရွက်ခြင်း၊ ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်းမျိုးကို ခါးသီးစွာ ရှောင်ရှားသင့်ပေသည်။ အကြောင်း အမျိုးမျိုးကြောင့် အာရက္ခပြည်တွင်းထဲသို့ မရောက်နိုင်ကြသေးသည့် ဒိုင်ယာစပိုရာများအနေဖြင့်လည်း လုံခြုံ ရေးသတိကို ပိုမိုမြှင့်တင်ကာ စုစည်းညီညွတ်မှု၊ ကွန်ရက်ချိတ်ဆက်မှု၊ ပို၍ထကြွလုံ့လရှိမှုများဖြင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်သင့်ကြပေသည်။ လူတို့သည် ကိုယ်နှင့်ထိုက်တန်သည့် အဆင့်အတန်းကို ရတတ်ကြသည်ဖြစ်၍ ဖက်ဒရယ်လော၊ ကွန်ဖက်ဒရိတ်လော၊ အချုပ်ချာအာဏာပိုင် နိုင်ငံ တော်လောဆိုသည်မှာ အာရက္ခတပ်တော်အပါအဝင် အာရက္ခပြည်သူအားလုံး၏ ထိုက်တန်သော ရင်းနှီးပေး ဆပ်မှုများကသာ အဆုံးအဖြတ်ပေးလာမည်ပင်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ