သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်အာဏာရှင် ဒေါက်တိုင် ရက္ခိုင်များ

ဆောင်းပါး/သြဂုတ် ၂၁၊ ၂၀၂၅

(ဤဆောင်းပါးကို ဆောင်းပါးရှင် ဇော်သိုက်ရေးထားခြင်းဖြစ်ပြီး ၎င်း၏ အာဘော်များသာဖြစ်ကာ Arakan Bay News နှင့် တိုက်ရိုက် ပတ်သက်မှုမရှိပါ။ ဤဆောင်းပါးနှင့်ပတ်သက်၍ တုန့်ပြန်ဆောင်းပါးများ ရေးသားပေးပို့လိုပါက arakanbaynews.info@gmail.com သို့လိပ်မူပေးပို့နိုင်ပါသည်။)

မျက်မှောက်ခေတ်သည် စစ်အာဏာရှင်ကို အာခံတွန်းလှန်ရင်း ရက္ခိုင့်အမျိုးသားရေးစိတ် ဗဟိုချက်မတစ်ခုထဲ စုရုံး ကာ မျိုးဆက်ပေါင်းအလိုက် မျှော်လင့်ခဲ့ကြသော အာရက္ခပြည်သစ် အရွှေ့တစ်ခုဆီသို့ ချီတက် နေချိန် ဖြစ်ပေသည်။

ဤသို့ ပြည်တော်သစ်တည်ဆောက်ရေး ခရီး သမိုင်းစာမျက်နှာ အခြားတစ်ဖက်တွင် မင်းအောင်လှိုင်ထံ သစ္စာ တော်ခံအဖြစ် တစ်နည်း ဦးချခစား၍ တစ်ဖုံ စစ်အာဏာရှင်ဆက်လက်တည်တံ့ခိုင်မြဲရေးတွင် ကျောထောက် နောက်ခံ ဒေါက်တိုင် ရက္ခိုင်လူမျိုးတစ်ချို့ကိုလည်း တွေ့ရမည်။

ထိုသူတို့သည် ပါတီနိုင်ငံရေး၊ လက်နက်ကိုင်နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေရေးစသည့် ကဏ္ဍပေါင်းစုံတွင်အားဖြည့် ပေးကြသည်။

အဆိုပါ စာရင်းထဲတွင် ဒေါ်အေးနုစိန်၊ ဒေါက်တာအေးမောင်၊ ဒေါ်စောမြရာဇာလင်း၊ ဦးဇော်အေးမောင်၊ ဒေါ်နုမြစံ၊ ဦးဘရှိန်၊ ဒေါက်တာ အောင်ကျော်မင်း၊ ဦးလှသိန်း၊ ဦးသန်းထွန်းတို့ ထင်ရှားသည်။

ထိုပုဂ္ဂိုလ်များ လက်ရှိ ဘာလုပ်နေသနည်း။ ယခင်က ဘာလုပ်ခဲ့ကြလဲ။ နောင်တွင် ဘာလုပ်မည်နည်း။ ရှေ့ဆက် ဘာဖြစ်မည်နည်း စသည့် အခြင်းအရာတို့ကို ဖွင့်ကြည့်ကြပါစို့။

ဒေါ်အေးနုစိန်

ဒေါ်အေးနုစိန်သည် တရားလွှတ်တော်ရှေ့နေဖြစ်ပြီး ရက္ခိုင့်ပါတီနိုင်ငံရေးလောကနှင့် မြန်မာနိုင်ငံတွင် နာမည်ကြီး သည်။ ရခိုင်အမျိုးသားပါတီ (ANP) ၏ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဗဟိုမူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖြစ်လည်းကောင်း လူသိများသည်။

ပထမအကျော့ ရက္ခိုင်တိုက်ပွဲများပြင်းထန်ခဲ့ချိန်က AA သံယဖြင့် တရားရင်ဆိုင်ခဲ့ရသူ ဒေသခံများအမှုတွင် အခမဲ့ ရှေ့နေလိုက်ပေးခဲ့သည်။ ရက္ခိုင်အမျိုးသားရေး စိတ်ဓာတ်အပြည့်ဖြင့် ဟောပြောပွဲများတွင် စစ်တပ်နှင့် အစိုးရကို ဝေဖန်ရဲသူ အမျိုးသမီးတစ်ဦးအဖြစ် ထင်ရှားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖွဲ့စည်းသော စစ်ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအဆင့် ခေါင်းဆောင်အဖြစ် မင်းအောင်လှိုင် ကမ်းလှမ်းချက်ကို လက်ခံခဲ့သည်။ ယင်းအချိန်က ရက္ခိုင်ပြည်သူများ၏ အကျိုးစီးပွားအတွက် စစ်ကောင်စီနှင့် ပူးပေါင်းရခြင်းဟု ဒေါ်အေးနုစိန်က ထုတ်ပြောခဲ့သည်။ ယင်းမှတစ်ခါ စစ်ခေါင်းဆောင် သဘော တွေ့၍ စစ်ကောင်စီ ဗဟိုအကြံပေး ရာထူးရလာသည်။

ယခု ဒေါ်အေးနုစိန်သည် စစ်အာဏာရှင် တစ်သိုက်၏ အဆင့်မြင့်ရာထူး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဗဟိုအကြံပေးအဖြစ် နေရာပေးကာ ဆက်လက်မြှောက်စားခြင်း ခံရဆဲဖြစ်သည်။

ဒေါ်အေးနုစိန်ကို စစ်ခေါင်ဆောင်က အဆင့်မြင့်ရာထူးခန့်အပ်ခြင်းမှာ ရက္ခိုင်အမျိုးသားရေးစိတ်ကို ထိန်းညှိရန်နှင့် AA တော်လှန်ရေးကို အားလျှော့စေရေး ရည်ရွယ်ပုံပေါ်သည်။ စစ်အာဏာရှင်နှင့် အလိုတူ ပူးပေါင်းနေသူ ဒေါ်အေးနုစိန် ကို ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ဩစတြေးလျ အစိုးရကတို့က ဒဏ်ခတ်အရေးယူထားသည်။

ရက္ခိုင်ပြည်သိမ်းတိုက်ပွဲများတွင် အာရက္ခပြည်သူများမှာ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပြည်သူများ နေ့စဉ် လက်နက်ကြီး၊ လေယာဉ်များကြောင့် သေဆုံးဒဏ်ရာရမှုအပေါ် ဒေါ်အေးနုစိန် ရေငုံနှုတ်ပိတ်နေသည်။

ယခု နေပြည်တော်အဝိုင်းအဝန်းတွင် ပြည်စုံလှသော အဆောင်အယောင်များဖြင့် ဇိမ်ကျနေသူဖြစ်နေပေတော့သည်။ ဒေါ်အေးနုစိန်ကို စစ်ခေါင်းဆောင်က ၂၀၂၂ နိုဝင်ဘာတွင် စည်သူဘွဲ့ ချီးမြှင့်ပေးခဲ့သည်။

ဒေါ်အေးနုစိန်သည် ရက္ခိုင်ပြည်သို့ စားနပ်ရိက္ခာ၊ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ရန်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ နေအိမ်များကို လေကြောင်းတိုက်ခိုက်ရန် စစ်ခေါင်းဆောင်ကို အကြံပေး နေသလားဟု မေးခွန်းထုတ်စရာဖြစ်စေသည်။

ဒေါက်တာအေးမောင်

ရက္ခိုင့်ခေတ်သစ်နိုင်ငံရေး သမိုင်းတွင် ယခင်က ပြည်သူထောက်ခံဝန်းရံမှု အပြည့်အဝရခဲ့သူမှာ ဒေါက်တာအေး မောင် ဖြစ်သည်။

ဒေါက်တာအေးမောင်သည် တိရိစ္ဆာန်ဆရာဝန်တစ်ဦးဖြစ်သည်။ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌဟောင်း၊ ပြည် သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်းလည်းဖြစ်ခဲ့သည်။ ANP ခေါင်းဆောင်ပိုင်း သဘောထားကွဲပြဲမှုကြောင့် နှုတ် ထွက်ခဲ့ပြီး ရခိုင့်ဦးဆောင်ပါတီ (AFP) ကို တည်ထောင်သည်။ ယခုအချိန် စစ်အုပ်စုနှင့်ပေါင်းကာ နေရာတစ်ခု ရ ရေး အသည်းအသန် ကြိုးပမ်းနေသည်။

ဒေါက်တာအေးမောင်သည် ရသေ့တောင်မြို့တွင် လုပ်ခဲ့သည့် ရက္ခိုင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသည်။ နိုင်ငံတော် အကြည်ညိုပျက် စေမှု၊ နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် ၂၀၁၉ မတ်လတွင် NLD အစိုးရက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီတွင် ဒေါက်တာအေးမောင်ကို စစ်ခေါင်းဆောင် ပြန်လည်လွှတ်ပေးခဲ့သည်။ ထောင်ကလွတ်လာပြီးနောက် သူ၏ ရက္ခိုင်အမျိုးသားရေး အငုံ့စိတ်ကို ရှင်းရှင်းလင်းပြလာသည်။ အမျိုးသားရေးစိတ် သန္ဓေမခိုင်ခဲ့ဘဲ ယိုင်လဲသွားသူအဖြစ် နာမည်ရလာသည်။ ယခင်က လက်သီးလက်မောင်း တန်းကာ ရက္ခိုင့်နိုင်ငံတော်အရေး၊ ရက္ခိုင်အမျိုးသားရေး၊ အစိုးရကို အတိုက်အခံ ထောက်ပြ ဟောပြောခဲ့သည့် စကားလုံးများမှာ ယခုအခါ အလုံစုံဆန့်ကျင်ဘက်ဖြစ်ခဲ့ချေပြီ။

ဒေါက်တာအေးမောင်သည် မကြာမီ စစ်ခေါင်းဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ချီးကျူးထောပနာပြုပေးသည်။ AFP ပါတီ နှင့် ရွေးကောက်ပွဲဝင်ခွင့်ရထားပြီး စစ်ကောင်စီ ဘက်တော်သားအဖြစ်နေသည်။ စစ်တပ် ဦးဆောင် သည့် ဟန်ပြ နိုင်ငံရေး၊ ငြိမ်းချမ်းရေးပွဲများနှင့် ရွေးကောက်ပွဲအရေး ဆွေးနွေးပွဲများတွင် အချိန်ကုန်သည်။

ရက္ခိုင်ပြည်တွင် ရွေးကောက်ပွဲ မဖြစ်ခဲ့ပါက ရန်ကုန်၊ နေပြည်တော်နှင့် ပြည်မရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ဆန္ဒမဲကို မျှော်လင့်ပြီး စစ်ကောင်စီအောက်တွင် အမှုထမ်းရန် အိပ်မက် မက်နေသည်။

ယင်းအပေါ် မြင်သာသည့်အချက်မှာ နိုင်ငံတော် ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူသည် ရွေးကောက်ခံအမတ် အ ဖြစ် ဝင်ပြိုင်ခွင့်မရှိတော့သည့် ထိုဥပဒေကို ပြင်ဆင်ပေးစေလိုကြောင်း မင်းအောင်လှိုင်ထံ သနားခံနေသူလည်း ဖြစ် သည်။

ထို့ကြောင့် ဒေါက်တာအေးမောင်ကို ကိုယ်ကျိုးစီးပွားအတွက် အမျိုးသားရေး လျစ်လျူရှုသူအဖြစ် အာရက္ခ ပြည်သူ တို့က အမှတ်ပေးထားသည်။

ဒေါ်စောမြရာဇာလင်း

ရခိုင်ပြည်လွတ်လပ်ရေးအတွက် လက်နက်ကိုင်ကြောင်း ကြွေးကြော်ထားသည့် အဖွဲ့မှာ ALP ဖြစ်သည်။ သို့သော် ယခု အခါ  ALP နာမည်နှင့် နိုင်ငံရေးလုပ်စားနေသူ ဖြစ်လာသည်။ ဒေါ်စောမြရာဇာလင်းသည် မိမိနေရာမပျောက် ရေး ကို တွေးပူကာ အာရက္ခပြည်သူများနှင့် ဆန့်ကျင်ဘက်တွင်နေသည်။

ဒေါ်စောမြရာဇာလင်း အကြောင်းပြောလျှင် ALP သမိုင်းအကြောင်းအနည်းငယ် သိထားသင့်သည်။ ပထမ ALP ကို ၁၉၆၇ ဧပြီတွင် ခိုင်ပြည်သိမ်းဦးဆောင်တည်ထောင်သည်။ ၁၉၆၈ တွင် ခေါင်းဆောင်များ အဖမ်းခံရ၍ ပြိုကွဲသည်။

ဒုတိယ အကြိမ် ၁၉၇၆ ဖေဖော်ဝါရီတွင် ခိုင်မိုးလင်းဦးစီးပြီး ပြန်စသည်။ ၁၉၇၇ ခုနှစ် ခိုင်မိုးလင်းကျဆုံးပြီး ပျက် သည်။ တတိယအကြိမ် ၁၉၈၁ တွင် ခိုင်ရဲခိုင် ဦးစီးပြီး ALP ကို ပြန်ထောင်သည်။ ALP တတိယ မျိုးဆက်တွင် ဒေါ် စောမြရာဇာလင်းပါလာသည်။ သို့သော် ၂၀၂၂ တွင် ALP ပါတီ ၃ ခြမ်းကွဲခဲ့သည်။

ယင်းအထဲ ခိုင်ရဲခိုင်နှင့်၊ ခိုင်စိုးနိုင်အောင် ဝါရင့်ခေါင်းဆောင်များကို ဖယ်ထုတ်ပြီး ဒေါ်စောမြရာဇာလင်းက ALP ကို လုယူခဲ့သည်။ ၂၀၂၃ မတ်လတွင် Army For Liberation and Peace of Rakhine (ALPR) ရခိုင်ပြည်လွတ်မြောက် ရေးနှင့် ငြိမ်းချမ်းရေးတပ်မြတ်တော် နာမည်ဖြင့် ALP ကို မောင်ပိုင်စီးထားသည်။

ဒေါ်စောမြရာဇာလင်းသည် ၂၀၁၀ နောက်ပိုင်း NCA လမ်းကြောင်းနှင့်အတူ နာမည်ကြီးလာသူလည်းဖြစ်သည်။  ALP သည် စစ်တပ်နှင့် ၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ထိုးသည်။ စစ်တပ်နှင့် ညှိနှိုင်း ဆွေးနွေးရေး ငြိမ်းချမ်းရေးလုပ်ငန်း ဦးဆောင်အဖွဲ့ (PPST) အဖွဲ့တွင်ပါဝင်ပြီး နေပြည်တော် အသိုင်းဝိုင်းသို့ ခြေဆန့်နိုင်ခဲ့သည်။

ဒေါ်စောမြရာဇာလင်းသည် စစ်ကောင်စီ သစ္စာတော်ခံအဖြစ် NCA လမ်းကြောင်းပေါ်နေမည်ဟု အခိုင်အမာပြော သည်။ နေပြည်တော်၌ စစ်ကောင်စီအလိုကျ ဟန်ပြ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထိုင်ခုံရနေသည်။ ယခု ဒေါ် စောမြရာဇာလင်းသည် ရခိုင်လူထုထောက်ခံမှုတွင် သုညကြွင်းနေသည်။

ဒေါ်စောမြရာဇာလင်းသည် စစ်ကောင်စီ ရင်ခွင်တွင်နေရာရနေပြီး  အင်အား ၈၀ ခန့်ရှိကြောင်း ခန့်မှန်းကြသည်။ စစ်တွေက အခြေခံလူတန်းစားများနှင့် စစ်ဘေးရှောင်များကို အတင်းအကျပ်တစ်နည်း မက်လုံးပေး၍တစ်ဖုံ လူသစ်စုကာ အေးသာယာလမ်းက ဌာနချုပ် နာဇီရွာ(စက်ရုံစုရပ်ကွက်)တွင် စစ်သင်တန်းပေးပြီး AA ကို ခုခံရန် ပြင်ဆင်ထားသည်။

စစ်အုပ်စုသည် ဒေါ်စောမြရာဇာလင်းအုပ်စုကို  AA ၏ သတင်းများကို ထောက်လှမ်းရန် ဧည့်စာရင်း စစ်ဆေးခြင်းနှင့် မြို့ခံများအား ဖမ်းဆီးရန် အသုံးချသည်။ ပြီးခဲ့သည့် ၂၀၂၄ မေလကုန်ပိုင်းက စစ်တွေမြို့ ဗျိုင်းဖြူရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ရမှုတွင် စစ်ကောင်စီနှင့် အတူပါခဲ့သည်။ ဒေါ်စောမြရာဇာလင်းအုပ်စုသည် စစ်ကောင်စီ လက်အောက်ခံ အရံတပ်တစ်ခု အဖြစ်ရှိနေသည်။

ဦးဇော်အေးမောင်

ဦးဇော်အေးမောင်သည် ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည်။ ယခင်က ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နှစ်ဆက်ဖြစ်ခဲ့သည်။ ယခုအချိန် စစ်ကောင်စီ၏ ပြည်ထောင်စု အဆင့် တိုင်းရင်းသားရေးရာ ဒုတိယဝန်ကြီး ထိုင်ခုံကိုရထားသည်။

တိုင်းရင်းသားနယ်မြေအများစုကို စိုးမိုးမှု မရှိတော့သည့် စစ်ကောင်စီသည် တိုင်းရင်းသားအရေး အမည်တပ်ပြီး ဦးဇော်အေးမောင်ကို မြှောက်စားထားသည်။

ရန်ကုန်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်ခဲ့စဉ်က ဦးဇော်အေးမောင်သည် ရခိုင်သင်္ကြန်ပွဲ၊ ဦးဥတ္တမပွဲတော် ကျင်းပရေးထက် ရက္ခိုင်ပြည်သူအရေး မစွမ်းနိုင်ခဲ့ပေ။

စစ်ကောင်စီ ဝါဒဖြန့် ဗွီဒီယိုများတွင် မကြာခဏတွေ့ရပြီး ရန်ကုန်ရောက် ရက္ခိုင်များကို ပြည်ထောင်စုစိတ်ဓာတ် ရှိ ရန် ဆော်ဩသည်။ သို့သော် အာရက္ခပြည်သူများက စစ်ခေါင်းဆောင် သစ္စာခံ တစ်ဦးအဖြစ် သတ်မှတ်ထားသည်။ အာဏာသိမ်းပြီးနောက် ရန်ကုန်ရောက် တက်ကြွသူ ရက္ခိုင်လူငယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးရာတွင် ဦးဇော်အေးမောင်၏ လက်ချဟု သံသယ ရှိကြသည်။

ဒေါ်နုမြဇံ

ဒေါ်နုမြဇံသည် အာဏာရှင် စစ်တပ်၏ ပြည်ထောင်စုအဆင့် သာသာနာရေးနှင့် ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဖြစ် နေသည်။ မင်းအောင်လှိုင်သည် အမျိုးဘာသာ သာသနာကို ထိန်းသိမ်းသူအဖြစ် ပုံဖော်နေပြီး ရှေ့ရိုးရာ အစဉ်လာ များ၊ ယတြာများကို ခုံမင်နှစ်သက်သူဖြစ်သည်။

ယင်းအချက်များကို ထောက်ပံ့နိုင်ရေးအတွက် ဒေါ်နုမြဇံကို ဝန်ကြီးနေရာပေးကာ ဗမာပြည် ရှေးဟောင်း မြို့တော် များ၊ နန်းတော်များ၊ ဘုရင်စသည့် သမိုင်းများကို မမောမပန်း ဖော်ထုတ်ခိုင်းပြီးသည်။ ရလာသည့် အချက်လက်များ ကို စုဆောင်းဖော်ထုတ်မှုကြောင့် စစ်ခေါင်းဆောင်ထံ ခစားခွင့်ရနေသည်။

ရက္ခိုင်လူမျိုးတို့၏ အသည်းနှလုံး၊ သမိုင်းအထင်ကရ မှတ်တိုင် မြောက်ဦးမြို့တော် ယဉ်ကျေးမှု ပြတိုက်ကို စစ် ကောင်စီက လေယဉ်နှင့် ဗုံးကြဲပြီး၊ တန်ဖိုးမဖြတ်နိုင်သည့် ဗိသုကာလက်ရာများ ပျက်စီးမှုကို တစ်ခွန်းမျှ မဟပဲ လျစ်လျူရှုနိုင်သူဖြစ်သည်။

ထို့အတူ ရက္ခိုင်ရှေးဟောင်းဘုးရား၊ ပုထိုးစေတီများတွင် စစ်ကောင်စီ တပ်စွဲ၊ ကတုတ်ကျင်းဆောက်၊ ရှေးဟောင်း ခံတပ်များကို ဖြိုဖျက်ပြီး ဘန်ကာဆောက်လုပ်ခြင်းကိုပင် လုံးဝမမြင်ဟန် မကြားဟန်ပြုမူနေတတ်သူ ဖြစ်သည်။

ယင်းအချက်များကြောင့် ဒေါ်နုမြဇံကို စစ်ကောင်စီက စီမံထူးချွန်ဘွဲ့တံဆိပ်ချီးမြှင့်ခဲ့သည်။ လက်ရှိတွင် ဒေါ်နုမြဇံ သည် နေပြည်တော်အဝိုင်းအဝန်းတွင် အခြွေအရံ ပြည့်စုံစွာဖြင့် မွေ့ပျော်နေသည်။

ဦးဘရှိန်

ဦးဘရှိန်သည် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည်။ သူသည် ရခိုင် တိုင်းရင်းသားများပါတီ (RNP) ကို တည်ထောင်ပြီး အာဏာသိမ်းစစ်အုပ်စု အလိုကျရွေးကောက်ပွဲကနေ အခွင့် အရေး မျှော်ကိုးနေရှာသည်။

စစ်ခေါင်းဆောင်ကလည်း သူ့ကိုထောက်ခံသည့် နိုင်ငံရေးပါတီအင်အားစုထဲတွင် ဦးဘရှိန်ကို နေရာပေးသည်။ ပြီးခဲ့သည့် လကကျင်းပခဲ့သည့် ၂၀၂၅ ငြိမ်းချမ်းရေး ဖိုရမ်တွင် တက်ရောက်ခွင့် ရခဲ့သည်။  ယခုအခါ ဦးဘရှိန် ပါတီကို စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်က ပါတီမှတ်ပုံတင်ချပေးထားသည်။

ဦးဘရှိန်သည် ယခင်က ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ANP ပါတီအမည်နှင့် ရွေး ကောက်ပွဲ မှတ်ပုံတင်ရာတွင် ဦးဆောင်ခဲ့သေးသည်။ သို့သော် စစ်ကောင်စီက ANP ပါတီကို ပယ်ချလိုက်ပြီး နောက်တွင် ANP နှင့် ဆင်တူ RNP အမည်ဖြင့် တစ်ကိုယ်တော် သီးခြားထွက်ကာ မှတ်ပုံထပ်တင်ခြင်းဖြစ်သည်။

ရက္ခိုင်အမျိုးသားအကျိုးစီးပွား နာမည်ခံကာ စစ်အုပ်စုနှင့် ပူးပေါင်းရန်ကြိုးစားနေသည့် ဦးဘရှိန်မှာ ရွေးကောက် ပွဲလွန် ကာလ၌ ကိုယ်ကျိုး စီးပွားအမြတ်ထွက်ရေး တွက်ဆထားပုံပေါ်သည်။ ဥပမာ ဝန်ကြီး၊ ဝန်လေး သို့မဟုတ် အမတ်တစ်နေရာကို ခုံမင်လိုစိတ်ထက်သန်မှုကို မြင်ရပေမည်။

ရက္ခိုင်ပြည်သူ့အရေးဟု ခေါင်းစဉ်တပ်ကာ ကျောက်ဖြူမြို့ပေါ်က မိသားစုဝင်အနည်ငယ်နှင့် ရန်ကုန်ရောက် ရခိုင် စစ်ဘေးရှောင်များထံမှ မဲများကိုမျှော်လင့်ပြီး လွှတ်တော်ထဲက အကျိုးအမြတ်ယူရန်ကြံဆနေခြင်း ဖြစ်သည်။

ဦးလှသိန်း၊ ဦးစံရွှေမောင်၊ ဒေါက်တာ အောင်ကျော်မင်း၊ ဦးသန်းထွန်း

ခြေမတစ်ကုတ်စာသာ ဩဇာရှိတော့သည့် ရက္ခိုင်ပြည်တွင် စစ်အာဏာရှင်များအတွက် သက်စွန့်ဆံဖျား သစ္စာရှိရှိ ရပ်တည်နေသည့် ပြည်နယ်အဆင့် သစ္စာတော်ခံများမှာ ဦးလှသိန်း၊ ဦးစံရွှေမောင်၊ ဒေါက်တာအောင်ကျော်မင်း တို့ ဖြစ်သည်။

ဦးလှသိန်းသည် စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ဥပဒေချုပ်ရာထူးရထားသည်။ ပြည်နယ် စစ်ကောင်စီ အစိုးရအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သော်လည်း ပြောစရာစကားမရှိဘဲ နှုတ်ပိတ်ခံထားရသည်။ အကြောင်းမှာ ရခိုင်ပြည် နယ်အစိုးရဟု ရာထူးအမည်ကို ယူထားသော်လည်း ရက္ခိုင်ပြည်ကို စစ်ကောင်စီ မအုပ်စိုးနိုင်တော့ပေ။ စစ်တွေမြို့ ထဲ အာဏာပိုင်အဆင့်သာ ရှိတော့သည်။

ရက္ခိုင်ပြည်သူများအပေါ် စစ်ကောင်စီ၏ ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်မီးရှုံ့လို့ရအောင် ဦးလှသိန်းက ဥပဒေ အစီ အမံများဖြင့် အကာကွယ်ပေးနေသလားဟု မေးခွန်းထုတ်ရတော့မည်။

ဦးစံရွှေမောင်သည် ပြည်နယ်စစ်ကောင်စီ အဆင့် စီးပွားရေးဝန်ကြီးဖြစ်သည်။ ရက္ခိုင်ပြည်စီးပွားရေး ဘာမှ လုပ် စရာ မရှိတော့သဖြင့် ယခုအခါ ပွဲတက်ဟန်ပြသဘောရှိနေသည်။ စစ်ခေါင်းဆောင်၏ ရက္ခိုင်ပြည်စီးပွားရေး ပိတ် ဆို့မှု အောက်တွင် စီးပွားရေးဝန်ကြီးဖြစ်တည်မှုကို ကျေနပ်နေသည်။ ချွတ်ခြုံကျနေသည့် ရက္ခိုင်ပြည်စီးပွားရေးကို ဘာမှ မလုပ်နိုင်ဘဲ ရာထူး နာမည်တစ်လုံးဖြင့် အနေတင့်လှသည်။

တဖန် စစ်ကောင်စီသည် ယခင်က ဒေါက်တာအောင်ကျော်မင်းကို ပြည်နယ်ဝန်ကြီးချုပ်ရာထူးဖြင့် မြှောက်စားခဲ့ သည်။ သီရိပျံချီဘွဲ့လည်း ချီးမြှင့်ခဲ့သည်။ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးချုပ်နေရာကနေ ပြည် ထောင်စု စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ရာထူးတိုးခဲ့သည်။ သို့သော် ယခုအခါ နာမည်နှင့် နေရာပါပျောက်ဆုံး နေ ကြောင်း နားလည်ရသည်။

စစ်တွေလူထုကို သြဇာညောင်းသူမှာ အငြိမ်းစားကျောင်းဆရာ ဦးသန်းထွန်း (ကျားချေ) ဖြစ်သည်။ လက်ရှိတွင် ဦးသန်းထွန်းမှာ ကွယ်လွန်သွားပြီးဖြစ်သည်။ မူဆလင်မုန်းတီးရေး လှုံ့ဆော်သူအဖြစ် နာမည်ရှိသည်။

သို့သော်လည်း သူ့သမိုင်းကိုလည်း ချန်ထားမရ၍ ဤဆောင်းပါးတွင် ဖော်ပြခွင့်ပြုပါ။ အာဏာသိမ်းပြီးချိန်တွင် စစ် ကောင်စီသည် ဦးသန်းထွန်းကို ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ရာထူးပေးခဲ့သည်။ ဦးသန်းထွန်းကို ဝန်ကြီး တစ်နေရာ ပေးခြင်းမှာလည်း စစ်တွေက တက်ကြွလှုပ်ရှားသူများအား နှုတ်ဆိတ်အောင်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်း လုပ်ရပ် ထိရောက်ခဲ့သဖြင့် စစ်တွေမြို့ခံများမှာ အပြစ်ပြောမရဲခဲ့ပေ။

ခြုံငုံပြီးကြည့်လျင် အထက်ဖော်ပြပါ စစ်အုပ်စုလက်ပါးစေ ရက္ခိုင်လူမျိုးတို့သည်ကား အာရက္ခပြည်သူများ၏ လူ့ အခွင့် အရေး၊ ဆုံးရှုံးနစ်မှုများအပေါ် တစ်စုံတစ်ရာ ပြောမထွက်ဘဲ တုံဏှိဘာဝေ ဆိတ်ဆိတ်နေနိုင်ကြလေသည်။ ကိုယ်ကျိုးစီးပွား အခြွေအရံဖြင့် စည်းစိမ်ယစ်မူး သာယာမြူးနေကြသည်။

မှတ်တမ်းထဲက မေးခွန်း

ဤကမ္ဘာမြေကြီးတွင် လူသားတိုင်းသည် အကြောင်းမဲ့မွေးဖွားလာခြင်း မဟုတ်တန်ပေ။ တိုင်းပြည်နှင့် လူမျိုးဖြစ် တည်မှုအတွက် တစ်ဦးချင်းစီတိုင်း တစ်ထောင့်တစ်နေရာတွင် သမိုင်းမှတ်တိုင်များစိုက်ထူကြစမြဲပင်။

ဆောင်းပါးအစတွင် ပြောခဲ့သည့်အတိုင်း နှစ်ပေါင်းရာချီ အိပ်မက်မက်ခဲ့ကြသော ရက္ခိုင်အမျိုးရေးစိတ်ဓာတ်သည် ယခုအခါ စည်းနှောင်မှု အားကောင်းဆုံး အချိန်လည်းဖြစ်ပေသည်။ ထို့အတူ အာရက္ခပြည်သည် မကြာမီတွင် စစ်အာဏာရှင်၏ လက်အောက်ကနေ အလုံးစုံလွတ်မြောက်တော့မည်။

ဆိုပါလျင် အထက်ဖော်ပြပါ ပြည်ထောင်စုအဆင့်မှသည် ပြည်နယ်အဆင့်ထိ စစ်အာဏာရှင်အလိုကျ ကျော ထောက် နောက်ခံပေးနေသူ ရက္ခိုင်လူမျိုးများမှာ အာရက္ခပြည်လွတ်မြောက်ရေးတိုက်ပွဲ သမိုင်းတွင် ဆန့်ကျင် ဘက် စာမျက်နှာ၌ အမဲစက်များဖြင့် မှတ်တမ်းဝင်တော့မည်။

ထို့အတူ အာရက္ခပြည်တော်သစ် ခရီးထဲ တစ်ဦးချင်းစီ၏ လုပ်ရပ်ကို လှန်ကြည့်သည့်အခါ အဆိုပါ အုပ်စုများကို ငသံ‌ဒွေ၊ စံရဖွေအုပ်စု အဖြစ် အနာဂတ် ရခိုင်မျိုးဆက်များက သမုတ်ကြမည်လော တွေးမိနေတော့လေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး