မတ်လ ၈ ရက်၊ ၂၀၂၅ ခုနှစ်၊
စောမြတ်သွီးရေးသည်။

တကယ်တော့ စစ်ဘုရင်ဝါဒကို တိုတိုနဲ့လိုရင်း ပြောရမယ်ဆိုရင် လက်နက်အားနဲ့ အနိုင်ကျင့်တဲ့ ကြီးနိုင်ငယ်ညှင်း လို့ပြောရပါမယ်။ ဒီလိုစရိုက်တွေက လက်နက်အားကိုး အာဏာပြချင်တဲ့ အစုအဖွဲ့တွေမှာ ရှိတက်တဲ့နိယာမ တခုပါ။ ပဒေသရာဇ်ခေတ်က သန္ဓေတည်လာတဲ့ အင်အားကြီးတိုင်းနယ်ချဲ့မယ်၊ လက်နက်အားနဲ့ အနိုင်ကျင့်မယ် ဒါတွေက အခုခေတ်မှာလည်း မြင်တွေ့နေရပါတယ်။ မြန်မာနိုင်ငံသမိုင်းကြောင်းအရပြောရမယ် ဆိုရင် ပါလီမန်ခေတ်ကျော်လွန်ပြီး ၁၉၆၂ ကာလတည်းက စစ်ဘုရင်ဝါဒ ကြီးစိုးလာခဲ့တာပါ။ မတည်မငြိမ်ဖြစ် အောင် ခွဲရေးတွဲရေး လမ်းစဉ်တွေနဲ့ ကျင့်သုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဘုရင်ဝါဒ ကြီးစိုးလိုမှုဟာ ဒီနေ့ချိန်ထိ စစ်မီး တောက်လောင်နေတုန်းလို့ ဆိုရပါမယ်။ အခုလို ပြည်တွင်းစစ်ရှည်ကြာပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်လာတဲ့အ ချိန်မှာ လက်နက်ကိုင်အင်အားစုအသီးသီးဖွဲ့ပြီး သူတလူငါတမင်းပုံစံတွေဖြစ်လာတာက စစ်ဘုရင်ဝါဒကို တွန်းအားပေးနေသလို ဖြစ်နေပါတယ်။
တဖက်မှာလည်း နေဝင်းလက်ထက်ကစလို့ စစ်ခေါင်းဆောင်အဆက်ဆက်က ပြည်ထောင်စုထဲမှာရှိတဲ့ လူမျိုးအသီးသီးနဲ့ သဟဇာတကျအောင်မတည်ဆောက်ဘဲ လက်ဝါးကြီးအုပ်ချင်တာကြောင့် ဒီစစ်ဘုရင်ဝါဒကို မွေးထုတ်လိုက်တာဟာ မြန်မာစစ်တပ်ကိုယ်တိုင်ပဲလို့ ပြောရမယ်။ ဒီလိုဖြစ်လာအောင်လည်း ပညာရေးကအစ လိမ်တယ်၊ လူမျိုးတခုတည်းမှာတောင် တောင်နဲ့မြောက်ဆိုပြီးခွဲတယ်။ နောက်ပြီး ဘာသာရေးအရ သွေးခွဲတယ် ဒါတွေက မြန်မာစစ်တပ် အဆက်ဆက်ရဲ့ လုပ်နေကျ လမ်းစဉ်တွေဖြစ်ပါတယ်။ တကယ်တော့ ဒီလိုမကောင်းတဲ့ လက်နက်အားနဲ့ အနိုင်ကျင့်တဲ့ စစ်ဘုရင်ဝါဒကို ရန်သူကဆိုးမွေးပေးတယ် ဆိုရင်တောင် မြန်မာ့နွေဦး တော်လှန်ရေးမှာတော့ ဒီဆိုးမွေက ဆက်မခံဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက် ရေးရာမှာ ပြဿနာ အကြီးကြီးဖြစ်လာနိုင်ပါတယ်။
၁။ နယ်မြေအငြင်းပွားမှုပြဿနာ
တကယ်တော့ နယ်မြေအပိုင်းအခြားပြဿနာတွေက မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ရှိခဲ့ကြ ပေမဲ့ အခုနွေဦးတော်လှန်ရေးမှာ ဒီပြဿနာကပိုပြီးတော့မှ ကြီးထွားလာပါတယ်။ တချိန်က မြန်မာတပ်မတော် စစ်ခေါင်ဆောင်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား စကားပြောမယ်ဆိုရင် ကိုယ်ပိုင်စစ်တပ်ရှိရုံနဲ့ အစိုးရစစ်တပ်နဲ့ စကားပြောလို့မရပါဘူး။ မင်းတို့မှာ နယ်မြေဘယ်လောက်ရှိပြီလဲဆိုတဲ့ အထာမျိုးတွေနဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေကို နှိမ်ခဲ့ကြတာတွေရှိပါတယ်။ ထင်သာမြင်သာပြောရမယ်ဆိုရင် ရက္ခိုင်တပ် AA၊ တအောင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့ဟာ ဦးသိန်းစိန်လက်ထက်က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT မှာ ပါဝင်ခဲ့ပေမဲ့ တကယ်တမ်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) ထိုးတော့မဲ့ အချိန်မှာ အဲ့ဒီ (၃) ဖွဲ့ကို ချန်လှပ်ထားခဲ့ပါတယ်။ ဒါက စစ်တပ်ရှိပေမဲ့ နယ်မြေမရှိလို့ နိုင်ငံရေးအရရော၊ လူမျိုးရေးအရာပါ ချိုးနှိမ်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ခွဲခြားတဲ့လုပ်ရပ်တခုဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက အခြေအနေတွေ နဲ့ အခုအခြေအနေတွေက မတူတော့ပါဘူး။
အခုနွေဦးတော်လှန်ရေး ကာလမှာတော့ အဲ့ဒီ (၃) ဖွဲ့အပြင် အခြားသော လက်နက်ကိုင်အဖွဲ့တွေလည်း နယ်မြေကိုယ်စီတွေရှိလာခဲ့ပါတယ်။ တချိန်က မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စကားပြောမယ်ဆိုရင် စစ်တပ်ရှိဖို့လိုမယ်။ စစ်တပ်ရှိရုံနဲ့မပြီးသေးဘူး အင်အားကြီးဖို့ လိုမယ် အင်အားကြီးရုံနဲ့ မပြီးသေးဘူး နယ်မြေရှိဖိုလိုတယ်ဆိုတဲ့ သူတို့ရဲ့သတ်မှတ်ချက်တွေက ဒီနေ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေအပြင် နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ PDF တွေတောင် စစ်တပ်၊ အင်အား၊ နယ်မြေတွေ အသီးသီး ပိုင်ဆိုင်ထားကြပါပြီ။ ဒါတွေပြည့်စုံနေရင်ရော မြန်မာစစ်တပ်က သူတို့ရဲ့အရှုံးကို လက်ခံပြီး အဲ့ဒီနယ်မြေတွေကို ပေးလားဆိုတော့ မပေးတဲ့အပြင် ပေါင် ၅၀၀၊ ၁၀၀၀ ဗုံးတွေပတ်ကြဲနေတာ အားလုံးမျက်မြင်ပါပဲ။ ဒါပေမဲ့ ဘုံရန်သူကိုချေမှုန်းရမဲ့အချိန်မှာ နယ်မြေအပိုင်း အခြားအတွက် တော်လှန်ရေး တပ်ဖွဲ့အချင်းချင်း ပွတ်တိုက်လာကြတာက လူထုကို အထိနာစေပါတယ်။
ပြောချင်တာက နယ်မြေပိုင်ဆိုင်ဖို့အတွက် စစ်နိုင်ဖို့လိုတယ်ဆိုပေမဲ့ သူများနယ်မြေကို နယ်ချဲ့မိရင်တော့ ပဒေသရာဇ်ဆန်သွားပါမယ်။ ဒီနေရာမှာ သူများနယ်မြေဆိုတာက တော်လှန်ရေးလက်နက်ကိုင်တွေရဲ့ လူမျိုးစုနေရာတွေကို အချင်းချင်းကြား သိမ်းယူတာကို ဆိုလိုတာဖြစ်ပါတယ်။ ရန်ကုန်တို့၊ နေပြည်တော်တို့ကို တက်သိမ်းနိုင်ရင်တော့ ၂၀၀၈ ခြေဥပါ၊ စစ်အုပ်စုပါ ပြုတ်သွားနိုင်တဲ့အတွက် နယ်ချဲ့ခြင်းလို့တော့ ဒါကိုဆိုလို့ မရပါဘူး။
အနီးစပ်ဆုံးကြည့်မယ်ဆိုရင် စစ်အုပ်စုကို နှစ်ပေါင်းများစွာတိုက်ခိုက်လာတဲ့ KNU လိုအဖွဲ့အစည်းတောင် ထားဝယ် လူမျိုးစုရှိတဲ့ နေရာကို KNU ရဲ့ တပ်မဟာ (၄) လက်အောက်ထဲမှာ ထည့်သွင်းထားတွေ့ရပါတယ်။ ဒီလိုနယ်မြေပြဿနာတွေကြောင့် KNU နဲ့ NMSP အကြားမှာ လက်နက်နဲ့ပစ်ခတ်ကြတဲ့အထိလည်း သမိုင်းရှိခဲ့ ပါတယ်။ ရှမ်းပြည်ဘက်မှာဆိုရင်လည်း ၂၀၁၄ လောက်မှာ RCSS နဲ့ PNLO တပ်ဖွဲ့တွေကြား ကဒူးကြီးဒေသမှာ နယ်မြေပြဿနာတွေရှိခဲ့တာပါပဲ။ ဒီလိုနယ်မြေအငြင်းပွားတဲ့ပြဿနာက သမိုင်းရှိတယ်ဆိုပေမဲ့ အခုနွေဦးတော် လှန်ရေးကာလမှာလည်း မြင်တွေ့လာရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က ပ (၃) လုံး အချင်းချင်းတောင် နယ်မြေလုကြတဲ့ ပြဿနာတွေရှိကြပါတယ်။ တအောင်း (TNLA) နဲ့ ကိုးကန့် (MNDAA) လည်း ဖြစ်ကြတာပဲ။ တအောင်း (TNLA) နဲ့ ကချင် (KIA) လည်းဖြစ်ကြတာပါပဲ။ ရခိုင်တပ် (AA) နဲ့ ချင်း (CNF) တို့လည်း ဖြစ်ကြတာပဲ။ တကယ်တော့ ဘုံရန်သူကို တိုက်လို့အနိုင်ရတဲ့အထိက ပြဿနာ မရှိကြသေးပေမဲ့။ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေမှာ အာဏာနဲ့အုပ်ချုပ်ရေးကို တည်ဆောက်တဲ့အခါမှာ ဒီပြဿနာတွေက ကြီးထွားလာတာဖြစ်ပါတယ်။
ကရင်နီပြည်၊ ဒီမောဆို့ဘက်မှာ NUG က အုပ်ချုပ်ရေးအတွက် ပ (၃) ကိုဖွဲ့စည်းခဲ့ပေမဲ့ ကရင်နီပြည်ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ကန့်ကွက်ခဲ့တာရှိပါတယ်။ ပလက်ဝဘက်မှာဆိုရင်လည်း AA က ပလက်ဝကို သိမ်းထားတယ်။ ပလက်ဝမှာ AA က အုပ်ချုပ်ရေးစဖို့လုပ်တယ်။ ဒါကို ချင်းလက်နက်ကိုင်အဖွဲ့ CNF က မကျေနပ်ဘူး။ နောက်ပြီး အခုလက်ရှိဖြစ်နေတဲ့ TNLA နဲ့ KIA ကြားမှာ ထိုးကြိတ်ကြတဲ့အထိကိုဖြစ်လာကြတဲ့ အတွက် အခုချိန်ပြေလည်တာ မရှိဘူးခဲ့ဘူးဆိုရင် ဒီနယ်မြေအငြင်းပွားတဲ့ ပြဿနာက အမှိုက်ကစ ပြဿဒ်မီး လောင် ဖြစ်သွားနိုင်ပါတယ်။ ဒီလို ပြဿနာတွေက ပြည်ထောင်စုထဲက မတူကွဲပြားတဲ့ ဒီမိုကရေစီစံနှုန်းတွေကို ထိခိုက်နိုင်ပါတယ်။
၂။ လက်နက်အားကိုး အနိုင်ကျင့်လာတဲ့ ပြဿနာ
စစ်ဘုရင်ဝါဒကို အဓိက လွှမ်းမိုးစေတာကတော့ လက်နက်အားကိုးပြီး လူကိုလူလို မမြင်ကြတဲ့ပြဿနာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုတော်လှန်ရင်း နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်အင်အားစုတွေအဖြစ် ကြီးထွားလာကြပြီး လက်နက်မမြင်ဖူးခဲ့တဲ့ အညာလိုဒေသတွေမှာတောင် လက်နက်တွေ တောင်ပုံယာပုံနဲ့ လက်နက်ကိုင်တဲ့သူတွေ အများကြီးဖြစ်လာပါတယ်။ အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အများဆုံးလို့ ပြောရပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေဟာ နယ်မျိုးစုံနဲ့ ညှည်းပန်းနှိပ်စက်ခံရတယ်။ အသတ်ခံရတယ်။ လက်နက်အင်အားရှိတဲ့ စစ်တပ်တခုအဖြစ် ကမ္ဘာအဆင့် (၃၈) ကိုရောက်ခဲ့တဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေဟာ အောက်ကပြည်သူတွေကို ပြည်သူတွေလို မဆက်ဆံခဲ့ဘူး။ ERO တွေကိုလည်း အမျိုးသား တန်းတူရေးမပေးခဲ့ဘူး။ ဒါကြောင့်လည်း ဒီမိုကရေစီကိုသွားနေတဲ့ ကမ္ဘာ့ရေစီးကြောင်းမှာ မြန်မာက စစ်အာဏာ အသိမ်းခံလိုက်ရတယ်။
စစ်ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း လက်နက်အားကိုးနဲ့ ဖြဲခြောက်တယ်။ နောက်ဆို ဖြဲခြောက်တဲ့ အဆင့်ထက် အဖမ်းအဆီးတွေလုပ်လာတယ်။ အဲ့ထက်ပိုတဲ့ သတ်ဖြတ်တာတွေကို မတရားလုပ် လာတယ်။ နောက်ဆုံးမှာ နွေဦးတော်လှန်ရေးပေါ်လာပြီး လက်နက်ကိုင်လမ်းစဉ်ကို လူထုက ရွေးချယ်သွားကြတယ်။ ဒါကြောင့် မြန်မာပြည်မှာ လက်နက်ဆိုတာ စျေးကြီးပေမဲ့ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်ဝယ်သလို ဝယ်လို့ ရနိုင်တာကြောင့် နေရာတိုင်းမှာ အင်အားစုအသီးသီးဖြစ်လာကြတယ်။ ဒါက လက်နက်ကိုင်တွေများလာလို့ အပြစ် ပြောခြင်းတော့မဟုတ်ပါ။ လက်နက်ကိုင်ပြီး လက်နက်အားကိုးနဲ့ လက်နက်ကိုင်အချင်းချင်း ဖြစ်စေ၊ လက်နက် မရှိတဲ့ ပြည်သူကိုပဲဖြစ်စေ ပြဿနာတွေ အင်အားကြီးတဲ့သူက အနိုင်ကျင့်ဗိုလ်ကျလာမယ်ဆိုရင် စစ်အာဏာရှင် သာသာ ဖြစ်လာတာကိုတော့ အပြစ်ပြောရမှာ အမှန်ပဲဖြစ်ပါတယ်။
ဒီတော့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုရှိမရှိကို ဆန်းစစ်ကြည့်ရအောင်ပါ။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဘက်မှာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က ပ (၃) လုံး အပါအဝင် LPDF တွေအများ ကြီးရှိပါတယ်။ တချက်က LPDF ဆိုတာ NUG လက်အောက်ခံမဟုတ်တဲ့ အခြားလက်နက်ကိုင် အဖွဲ့တွေကို ပြောတာဖြစ်ပါတယ်။ အဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကြားမှာ ပြဿနာတွေက နယ်မြေကိစ္စအပါအဝင် အခြားပုံစံမျိုးစုံနဲ့ မြင်တွေ့ရပါတယ်။ အထူးသဖြင့် ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်တွေနဲ့ NUG(MOD) လက်အောက် ခံအဖွဲ့ တွေကြားမှာ ဖမ်းဆီးကြတဲ့အထိကိုဖြစ်လာပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလောက်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ ခရိုင်မှာ ဖြစ်သွားတဲ့ BNRA ဗိုလ်နဂါးတပ်ဖွဲ့ဝင် (၁၆) ဦးကို NUG(MOD) တပ်က ဖမ်းဆီးသွား ခဲ့တာရှိပါတယ်။ ဒီပြဿနာတွေကို ခေါင်းဆောင်တွေအချင်းချင်း ညှိနှိုင်းအဖြေရှာလို့ ပြီးသွားပြီလားဆိုတော့ မပြီးသေးဘဲ နောက်နှစ်ကိုကူးသွားပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလထဲမှာလည်း ယင်းမာပင်ခရိုင်မှာ BNRA တပ်ဖွဲ့ဝင်တွေနဲ့ NUG(MOD) လက်အောက်ခံတွေကြား ထပ်ပြီးအဖမ်းအဆီးတွေရှိခဲ့ပါတယ်။ အဲ့ဒီထက်ဆိုးတာက NUG လက်အောက်က PDF အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြတာပါပဲ။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ ၄ ရက်နေ့မှာ ဖြစ်သွားတဲ့ မန္တလေးတိုင်း၊ မြင်းခြံဘက်က MG6 ပြောက်ကျားတပ်နဲ့ မကွေးတိုင်း၊ ရေစကြိုဘက်က PDF ရဲ့ ရေလယ်ကျွန်းမှာတိုက်ပွဲဖြစ်လို့ ထိခိုက်သေဆုံးတာတွေနဲ့ နိဂုံးချုပ်ခဲ့ရပါတယ်။ ဒီလိုပွတ်တိုက်မှုတွေက နှစ်ဖက် လက်နက်ကိုင်တွေကြားမှာ နောင်ဖြစ်လာနိုင်မဲ့ ပြဿနာအကြောင်းချက်တွေအဖြစ်သန္ဓေတည်နေပြီး ပြည်သူတွေရဲ့ ယုံကြည်မှုတွေကိုလည်း ဆုံးရှုံးစေပါတယ်။ ဒါကတော့ PDF တွေ သူတို့အချင်းချင်းဖြစ်တဲ့ ပြဿနာပါ။
နောက်ထပ် ပြဿနာတွေက ပြည်သူတွေကို လက်နက်အားကိုးနဲ့ ပစ်သတ်တဲ့ကိစ္စပဲဖြစ်ပါတယ်။ အခုနွေးဦးတော် လှန်ရေးဖြစ်လာပြီးနောက်ပိုင်း မအလ စစ်တပ်က အဓမ္မစစ်သားစုဆောင်းတာအပြင်ကို၊ ပြည်သူ တွေကို မတရားသတ်ဖြတ်ဖို့ သူတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်ပျူတွေကို လက်နက်တပ်ဆင်ပေးတာ၊ နောက်ဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုတောင်မှ လက်နက်တွေပေးထားတယ်လို့ သိရပါတယ်။ မအလ ကပေးတဲ့ လက်နက်တွေနဲ့ ပြည်သူကို ထင်တိုင်းကြဲနေတာက အကြမ်းဖက်တွေရဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်တဲ့ PDF တွေက ပြည်သူကိုလက်နက်နဲ့ ခြိမ်းခြောက်ပြီး နောက်ဆုံး ပစ်သတ်တဲ့ အဆင့် ထိဖြစ်လာတာက တော်လှန်ရေးကိုပုံပျက်စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောရွာက အမျိုးသမီးတဦးကို ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲ မှူး အဆင့်ရှိတဲ့သူက သမီးရည်းစားချင်းစကားများရာမှာ သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ ဒီလိုဒေါသစိတ်ဖြစ်ရုံနဲ့ ပြည်သူတဦးကို ပစ်သတ်လိုက်တာဟာ ပြည်သူတွေကို စိတ်ပိုင်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တဲ့အတွက် စစ်ဘုရင်ဝါဒဆိုတာလည်း ဒီလိုလက်နက်နဲ့အနိုင်ကျင့်တဲ့ အကျင့်စရိုက်တခုဖြစ်ကြောင်းကို ပြောချင်ပါတယ်။
၃။ သူတလူ ငါတမင်း
စစ်ဘုရင်ဝါဒကိုချဲ့ထွင်လာတဲ့ သူတွေရဲ့ လက္ခဏာတွေထဲမှာ သူတလူ ငါတမင်းဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ သူတွေလည်းပါတာကို မြင်တွေ့ရပါတယ်။ ဒီလိုဖြစ်လာတဲ့သူတွေကိုကြည့်မယ်ဆိုရင် စစ်အာဏာရှင် မြန်မာစစ်တပ်ရဲ့ လက်ဝယ်ခံတပ် အဖြစ်ပြောင်းလဲသွားကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဖြစ်ပါတယ်။ အမျိုးသားရေး တော်လှန်ရေးအတွက် လက်နက်ကိုင်ကြပေမဲ့ နောက်ဆုံး စစ်အာဏာရှင် မြန်မာစစ်တပ်နဲ့ပေါင်းပြီး စီးပွားရှာကြ တဲ့ အဆင့်ကို ရောက်သွားကြပါတယ်။ အမျိုးသားအကျိုးစီးပွားကို ကာကွယ်တာထက် ကိုယ်ကျိုးစီးပွားကိုရှာ ကြပြီး အာဏာ တည်မြဲရေးကို ငွေကြေးနဲ့ပိုင်းဖြတ်လာကြပါတယ်။ မြန်မာစစ်တပ်ရဲ့ လက်အောက်ခံတပ်အနေနဲ့ ပြောင်းသွားတဲ့ အထဲမှာ ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့် (BGF) တပ်တွေက မြန်မာတော်လှန်ရေးသမိုင်းမှာ အတော်များများရှိပါတယ်။ စစ်အာဏာရှင် လောဘသားတွေနဲ့ပေါင်းပြီး စစ်ဘုရင်တွေဖြစ်လာကြတဲ့ သူတွေ လည်းရှိပါတယ်။
၁၉၆၂ ခုနှစ်၊ ဗိုလ်နေဝင်းတက်လာပြီးနောက်ပိုင်း ခွဲရေးတွဲရေး စနစ်ကိုကျင့်သုံးခဲ့ပါတယ်။ တကယ်တော့ ခွဲရေးတွဲရေးစနစ်က ဗြိတိသျှတွေ ကိုလိုနီနယ်ချဲ့ကတည်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကြား သွေးခွဲ အုပ်ချုပ်ခဲ့တဲ့ သွယ်ဝိုက် နည်းပရိယာယ်တခုပါ။ အဲ့တုန်းကဆို ဗြိတိသျှတွေရဲ့ တိုင်းရင်းသားလို့ သတ်မှတ်တဲ့ထဲမှာ ဗမာလည်း ပါပါတယ်။ ဗိုလ်နေဝင်းရဲ့ ခွဲရေးတွဲရေးမှာ ကချင် KIA တပ်ဖွဲ့ထဲက ဇခုန်တိန်းယိန်လို ငေါ့ချမ်း မျိုးနွယ်စုနဲ့ မရူမျိုးနွယ်ဝင် လယောက်ဇလွန်းက ၁၉၆၈ ခုနှစ်မှာ ခွဲထွက်ပြီး ၁၉၉၀ မှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ခဲ့ ပါတယ်။ အပစ်ရပ်ပြီးနောက်ပိုင်း ပန်ဝါကို ကချင်အထူးဒေသ (၁) အဖြစ်သတ်မှတ်ပြီး ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီနောက် ဇခုန်တိန်းယိန်က (NDAK) က မြန်မာ စစ်တပ်နဲ့ပေါင်းပြီးတော့မှ အာဏာတည်မြဲလာပြီး စီးပွါးရေးအင်ပါယာချဲ့ထွင်ပြီးတော့ စစ်ဘုရင်တဆူ အဖြစ်အဲ့ နေရာမှာ မင်းလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လို့ နွေဦးတော်လှန်ရေးမှာတော့ KIA ရဲ့ ထိုးစစ်တွေကြောင့် ဇခုန်တိန်းယိန်းရဲ့ စစ်ဘုရင်အင်ပါယာဟာ လပိုင်းအတွင်းမှာပဲ နေဝင်သွားခဲ့ပါတယ်။
ပြီးတော့ ၁၉၉၀-၉၁ လောက်မှာ MNDAA ကိုးကန့်၊ UWSA နဲ့ NDAA တို့ ရှမ်းပြည်မှာ အထူးဒေသအဖြစ် အသီးသီးသတ်မှတ်ခံရပြီး ပအိုဝ့်ထဲမှာလည်း ပအိုဝ့်ဖြူနဲ့ ပအိုဝ့်နီကွဲပြီးတော့ မြန်မာစစ်တပ်နဲ့ပူးပေါင်းသွားတဲ့ PNO/PNA ပအိုဝ့်ဖြူက ရှမ်းပြည် အထူးဒေသ (၆) အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဦးအောင်ခမ်းထီးဦးဆောင်တဲ့ PNO မှာ လက်ရှိ ဒုဦးစီးချုပ် နေဝင်ထွန်းက တာဝန်ယူပြီး PNO ရဲ့ စစ်အင်အားနဲ့ စီးပွါးရေးအင်ပါယာကိုချဲ့ထွင် ပြီးတော့ ခရိုနီးစစ်ဘုရင်တဆူအဖြစ် ရပ်တည်နေပါတယ်။
နောက်ထပ်ကျန်ရှိနေတာကတော့ ၁၉၉၄ ခုနှစ်မှာ ကရင် KNU ကနေ ဗိုလ်ချုပ် စောလားပွယ် (ခ) နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖြစ်ခွဲထွက် သွားခဲ့ပါတယ်။ နောက်ပိုင်း ဗိုလ်ချုပ် စောလားပွယ် (ခ) နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကနေ ၂၀၁၀ မှာ ဗိုလ်စောချစ်သူ ဦးဆောင်ပြီး နယ်ခြားစောင့်တပ် (BGF) တဖြစ်လည်း ထပ်မံခွဲထွက်ပြီး စစ်အာဏာရှင် မြန်မာစစ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဗိုလ်နေဝင်း လက်ထက်က စစ်ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် လက်ချက်ကြောင့် ကချင်၊ ရှမ်း ပအိုဝ့်၊ ကရင်တို့ အကြီးအကျယ် ကိုယ့်လူမျိုး အချင်းချင်း သွေကွဲခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာတွေနဲ့ သွေနထင်ရောက်ခဲ့ကြပါတယ်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှာ ၂၀၁၀ သမ္မတ ဦးသိန်းစိန်လက်ထပ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) ကို လက်မှတ်ထိုးမဲ့အဖွဲ့နဲ့ မထိုးမဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး ဗိုလ်မှူးကြီး စောဆန်းအောင် ကို DKBA တပ်ဖွဲ့ထဲကနေ ပထမ ထုတ်ပယ်လိုက်ပါတယ်။
အဲ့ဒီနောက် ၂၀၁၅ ခုနှစ်လောက်မှာ ဗိုလ်ကျော်သက်၊ ဗိုလ်ဘိ တို့ကိုလည်း ထပ်မံ ထုတ်ပယ်ခဲ့ပါတယ်။ ဗိုလ်ဆန်းအောင်၊ ဗိုလ်ကျော်သက်၊ ဗိုလ်ဘိ တို့ထုတ်ပယ်ခံရတဲ့ အရာရှိ (၃) ဦးစုစည်းပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖြစ်ရပ်တည်ခဲ့ပါတယ်။ ဗိုလ်ချုပ် စောမူရှဲနဲ့ ဒုချုပ် စောစတီး ဦးဆောင်တဲ့ DKBA ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ဆိုပြီးအဓိပ္ပါယ်ကို ပြောင်းလဲ သတ်မှတ်ခဲ့ပါ တယ်။ လက်ရှိ ဗိုလ်ချုပ် စောစတီး ဦးဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်နဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ် (BGF) က စစ်အာဏာရှင် မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး ခရိုနီတဖြစ် စီးပွါးရေး အင်ပါယာကိုချဲ့ထွင်ပြီးတော့ ငွေကြေးနဲ့စစ်အင်အားတိုးချဲ့လာတာကြောင့် ကရင်ပြည်နယ်မှာ ကိုယ်ပိုင်နယ်မြေ တွေနဲ့ စစ်ဘုရင်တွေဖြစ်လာကြပါတယ်။
နောက်ဆုံးပြောရမယ်ဆိုရင် နွေးဦးတော်လှန်ရေးအတွက်ရော ရှေးအနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ အတွက်ပါ ဒီစစ်ဘုရင်ဝါဒက အနှောက်အယှက်အတားအဆီးတွေ အများကြီးဖြစ်စေပါတယ်။ တိုင်းပြည်ရှုပ်ထွေး လာတဲ့ အချိန်မှာ ဦးနုက ဗိုလ်နေဝင်းလက်ထဲကို အပ်လိုက်သလိုမျိုး၊ ဦးနေဝင်းလက်ထက် ၈၈ အရေးအခင်းမှာ ဗိုလ်ချုပ် စောမောင် လက်ထဲကို အပ်လိုက်သလိုမျိုး စစ်ဘုရင်ဝါဒကို ဖက်တွယ်ထားကြတဲ့ စစ်အာဏာရှင်တွေ ဟာ အခု မင်းအောင်လှိုင်လက်ထက်မှာလည်း အဲ့ဒီဝါဒကို ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်အာဏာရှင် အဆက်ဆက်မှာ တော်လှန်တိုက်ခိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရှိသလို အဲ့ဒီ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းသွားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေပါတယ်။ အိပ်ချင် ယောင်ဆောင်နေတဲ့ သူကိုနိုးရခက်သလို မသိချင်ယောင်ဆောင်သလိုလိုနဲ့ စစ်အာဏာရှင်ရဲ့ အလိုကျ ထောက်တိုင် ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအရေးဟာ ပြောရခက်ပါတယ်။ ၂၀၀၈ ခြေဥနဲ့ ကျားကန်ပေးထားတဲ့ မြန်မာစစ်တပ်ရဲ့ စစ်အာဏာရှင် ကြီးစိုးရေးအောက်မှာ ကိုယ်ကျိုးစီးပွားအတွက် ရုပ်သေးရုပ်တွေလို လိုက်ကပေး နေတာက စစ်ဘုရင်ဝါဒကို ပိုပြီးအဓွန့်ရှည်စေပါတယ်။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ် စစ်ဘုရဝါဒ ကြီးစိုးလာရင် သေချာပေါက် လူထုကိုထိခိုက်လာမှာပါ။ ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆူးငြောင့် ခလုတ် တခုဖြစ်လာတဲ့ ဒီစစ်ဘုရင်ဝါဒကိုပါ တပါတည်းတိုက်ဖျက်ဖို့လိုကြောင်းကို တင်ပြလိုက်ပါတယ်။