အသက် ၄ နှစ်အရွယ် သူမ၏မြေးအသတ်ခံလိုက်ရသည့်နေ့တွင် ဒေါ်ဦးစန်းရီ တစ်ယောက် သူ့မြေးလေးကို သူ၏ကားရုပ်ကလေးများနှင့် မကစားမီ ရွာစျေးသို့ ကောက်ညှင်းပေါင်းနှင့် သူ့မြေးအကြိုက်ဆုံး ငှက်ပျောသီးကြော် စားရန် ခေါ်၍ ထွက်လာခဲ့သည်။
” စစ်တပ်က အမြောက်နဲ့ပစ်မယ်လို့ ဘယ်သိပါ့မလဲ၊ ကျွန်မတို့ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ် သွားလာနေရတာပေါ့” ဟု ဒေါ် ဦးစန်းရီက ပြောသည်။
လူ ၃၀၀၀ ကျော်လောက်နေထိုင်သည့် သူတို့၏ ကင်းဆိပ် စိုက်ပျိုးရွာလေးမှာ ပထမဆုံး လက်နက်ကြီးပေါက်ကွဲမှု စဖြစ်စဉ်က သူတို့မြေးအဖွားနှစ်ယောက်မှာ Tom and Jerry ကာတွန်းကားကို ကြည့်နေကြသည့် အချိန်ဖြစ်သည်။
“ကျွန်မတို့က တခြားနေရာကို ပြေးမယ်လုပ်ကြတာ ၊ မြေးလေးက သူ့အမေလက်ကို ဆွဲလို့ပေါ့၊ သားအမိနှစ်ယောက်လုံးကို ထိတာ” ဟု ပြန်မရှင်လာတော့သည် သူ့မြေးလေးနှင့် ဒဏ်ရာကြောင့် မေ့လဲနေသော သူ့သမီးအား ကြည့်၍ ပြောသည်။
ဩဂုတ်လ ၁၈ရက်နေ့ ရခိုင်ပြည်အနောက်ဘက်ခြမ်းရှိ မြေဩဇာကောင်းမွန်လှသော ဒေသမှ ဝါးအိမ်လေးများကို တိုက်ခိုက်မှုမှာ အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ကြရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ရခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ကြား ၁၈ လကြာ နှစ်ဦးသဘောတူနားလည်မှု အပစ်အခတ်ရပ်စဲရေး ကာလပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သတ်မှတ်ကြသည်။
ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးကောက်တင်မြှောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရအား စစ်ကောင်စီမှ ဖြုတ်ချပြီး ၂၂ လအကြာတွင် စစ်ပွဲများမှာ စစ်မျက်နှာပေါင်းစုံမှ ဖြစ်ပွားလျက်ရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ ၇၀၀၀ ကျော် အသတ်ခံခဲ့ရပြီး ၎င်းတို့ထဲတွင် အရှင်လတ်လတ် မီးရှို့ခံရသူများနှင့် မြေမြှုပ်ခံရသူများအပါအဝင် ကြိုးဆွဲချ ခံရသူများ၊ ဦးခေါင်းကို သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် ရွာသူရွာသားများ ပါဝင်ခဲ့ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။
သို့သော်လည်း ရခိုင်တွင် တကျော့ပြန်စစ်ပွဲပြန်လည်ဖြစ်ပွားလာချိန်၌ မြန်မာနိုင်ငံကို ရာစုနှစ် တစ်ဝက်လောက် အခိုင်အမာ အုပ်စိုးခဲ့သော စစ်ကောင်စီတပ်သည် စစ်အင်အားတောင့်တင်းမှု လျော့နည်းလာခဲ့သည်။
စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများမှ အောက်တိုဘာ ၂၃ ရက်နေ့ ကချင်မြောက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူနှင့် KIA အဖွဲ့ဝင် အနည်းဆုံး ၈၀ ခန့်သေဆုံးခဲ့ကာ ရာချီသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် ဖြစ်ရပ်မှာ ထင်ရှားလျက်ရှိနေသည်။
တချိန်တည်းမှာပင် မန္တလေးမြို့လယ်၊ ကရင်ပြည်အနောက်မြောက်ပိုင်းနှင့် ရခိုင်ဒေသတို့တွင် အောက်တိုဘာလ နှောင်းပိုင်းမှစကာ အကြမ်းဖက်စစ်ကောင်စီတပ်သား ဒါဇင်နဲ့ချီ၍ အသတ်ခံခဲ့ရသည်။ လမ်းဘေးမိုင်းများ၊ ခြုံခိုတိုက်ခိုက်မှုများကြောင့် မြေပြင်တွင် အကျအဆုံးများလာသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုကို ဦးစားပေးလုပ်ဆောင်လာခဲ့သည်။
“စစ်ကောင်စီက တဖြည်းဖြည်း အားနည်းလာပြီ၊ သူတို့ရဲ့ တစ်ခုတည်းသောသူ မဟာဗျူဟာက အကာအကွယ်မဲ့နေတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်တာဘဲ” ဟု စစ်ကောင်စီအစိုးရကို ဖြုတ်ချရန်အတိုက်အခံလုပ်နေသည့် NUG ပြောခွင့်ရပုဂ္ဂိုလ် ကျော်ဇောက ပြောသည်။
ယခုအခါ စစ်အစိုးရသည် အသစ်ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့များကို ထိပ်တိုက်ရင်ဆိုင်နေရပြီဖြစ်သည်။ ယင်းအထဲတွင် PDF တပ်ဖွဲ့များနှင့် နိုင်ငံနယ်စပ်တွင် အခြေစိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်နေသည်။
အနောက်နိုင်ငံများ၏ သံတမန်ရေးအရ ဖိအားပေးမှုနှင့် အရေးယူပိတ်ဆို့မှုများက ပထဝီနိုင်ငံရေးအရ အာရှ၏အဓိကကျသော တရုတ်နှင့် အိန္ဒိယက ယခုကဲ့သို့ သွေးထွက်သံယိုမှုများကို မတားဆီးနိုင်ပေ။ အာဏာသိမ်းလိုက်ပြီးသည်နဲ့တပြိုင်နက် စစ်အစိုးရသည် ပြည်သူများ၏ အစုလိုက်အပြုံလိုက် ဆန္ဒပြမှုများကို ရင်ဆိုင်ခဲ့ရပြီး မြန်မာလူငယ်အများစုကလည်း တိုင်းရင်းသားလက်နက်ကိုင်များထံတွင် လေ့ကျင့်ရေးနှင့် လက်နက်ကိုင်သင်တန်းများတက်ရောက်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စင်ပြိုင်အစိုးရသည် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ တချို့နှင့် ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီအား “ပြည်သူ့ခုခံစစ်” ဟု ကြေညာခဲ့သည်။
အစပိုင်းတွင် စစ်တပ်သုံး တိုက်လေယာဉ်များနှင့် အမြောက်တပ်များ၏ ဖွဲ့စည်းမှုကို ဖြိုခွင်းရန် အခွင့်မရှိခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီအားထိရောက်သောထိုးစစ်ဆင်မှုများကို ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် စစ်ကောင်စီသည် ဖိအားများ၍လာခဲ့သည်။ အသေအပျောက်များသကဲ့သို့ တပ်စွဲထားသော စခန်းများမှာလည်း အားနည်းလာခဲ့သည်။ တိုက်ခိုက်ရေးအင်အားများကိုလည်း ပြန်လည်အစားထိုးနိုင်ခြင်း မရှိတော့ပေ။ ဘက်ပြောင်းမှုနှင့် လစာနည်းလာမှုတို့ကြောင့် စိတ်ဓာတ်ပျက်ပြားလာခဲ့ကြသည်။
စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AAကဲ့သို့ တခြားလက်နက်ကိုင်အဖွဲ့အစည်းများလည်း တိုက်ခိုက်မည်ဆိုလျင် ပြည်တွင်းစစ်များ၏ နောက်ဆုံးအခြေအနေသို့ ရောက်သွားလိမ့်မည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။
Wilson Centre မှ နိုင်ငံရေးသိပ္ပံပညာရှင် ရဲမျိုးဟိန်းက စစ်ကောင်စီက ၎င်း၏ရက်စက်ကြမ်းကြုတ်သော အကြပ်ကိုင်အာဏာဖြင့် နိုင်ငံကိုအလွယ်တကူ ထိမ်းချုပ်နိုင်လိမ့်မည်ဟု မျော်လင့်ခဲ့သော်လည်း ယခုအချိန်ထိ မအောင်မြင်သေးကြောင်း၊ နိုင်ငံတဝှမ်းလုံးက သူ့တပ်တွေကိုလည်း ထိမ်းချုပ်ဖို့ အခက်အခဲရှိနေကြောင်း ပြောသည်။
“နောက်ထပ် ဘာတွေဖြစ်လာမလဲတော့ ခန့်မှန်းဖို့ခက်တယ်။၊ သေချာတာတစ်ခုကတော့ စစ်ကောင်စီက မြေပြင်မှာ ရှုံးနိမ့်နေပြီဆိုတာပါပဲ” ဟု ၎င်းကထပ်လောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တိုင်ရင်းသားများအကြား မကြေမချမ်းမှုများရှိသည့်အပြင် မြို့ကြီးများတွင်နေထိုင်သော ဗမာဗုဒ္ဓဘာသားများ၏ လူမျိုးကြီးဝါဒ ကြီးစိုးမှုကလည်း ရှိနေသည်။
အကြမ်းအားဖြင့်ဆိုရလျှင် တက္ကဆပြည်နယ်၏ အရွယ်အစားမျှလောက်သာ ရှိသော အရှေ့တောင်အာရှသည် လူမျိုးစုပေါင်း ၁၀၀ ကျော်တို့၏ နေရာဖြစ်ပြီး အချို့လူမျိုးစုများမှာ ၁၉၄၈ ခုနှစ် ဗြိတိန်ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲ ဝင်ခဲ့ကြသည်။
ယင်းအဖွဲ့များထဲတွင် အာရကန်ဟု လူသိများသော ရခိုင်လူမျိုးများလည်း အပါအဝင်ဖြစ်သည်။ ဗမာလူမျိုးများသုံးစွဲနေသော ဘာသာစကားနှင့် ဘာသာကိုးကွယ်မှုချင်း နီးစပ်ကြသော်လည်း ရခိုင်လူမျိုးများသည် နှစ်ပေါင်းများစွာ သီခြားရပ်တည်လာခဲ့ကြသည်။
ရခိုင်သည် ၁၇၈၅ ခုနှစ် ဗမာလူမျိုးများမှ မသိမ်းပိုက်ခင်အထိ သီခြားလွတ်လပ်စွာ ရပ်တည်လာခဲ့သည့်အပြင် ထူထပ်ပြီး မြင့်မားသည့် တောတောင်များကလည်း ကာဆီးထားကာ သီခြားတည်ရှိလျက်ရှိနေသည်။
“ကျွန်တော်တို့က ရခိုင့်လွတ်လပ်ရေးကို လိုချင်တာ၊ ဒါက ရခိုင်တိုင်းရဲ့ အိပ်မက်ပဲ” ဟု မကြာသေးမီလများအတွင်းက တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၃၂ နှစ်အရွယ် လယ်သမားတစ်ဦးက ပြောသည်။
၂၀၁၇ ခုနှစ်တွင် တပ်မတော်၏ ရခိုင်က မူဆလင် ၇၅၀၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေသည့် “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေးအား ရခိုင်လူထုမှ ထောက်ခံအားပေးခဲ့မှုသည် ခေတ်သစ်မြန်မာပြည်သမိုင်းတွင် အဆိုးဆုံးအခြေအနေတစ်ရပ် ဖြစ်သွားခဲ့သည်။
ထိုဖြိုခွင်းမှုမှာ လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု၏ စံပြဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ကြောင်း UN က ပြောကြားလိုက်သည်။ စစ်တပ်က ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ်ချခဲ့ပြီူနောက် ၂၀၁၅-၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အပေါ် ICJ ၏ တရားစွဲဆိုမှု နှင့် ရှုတ်ချမှုအပေါ် ကာကွယ်ပြောဆို ချေပခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတ ဦးဝင်းမြင့် တို့ကို ဖမ်းဆီးထိမ်းသိမ်းလိုက်သည်။
မူဆလင်များအပေါ် စစ်အစိုးရ၏ စစ်ဆင်ရေးအပြီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရခိုင်လူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက်ဖွဲ့စည်းခဲ့သော ရက္ခိုင့်တပ်တော်သည် လက်ရှိတွင် အင်အား ၃၀၀၀၀ ကျော်ထိရှိလာကာ ရခိုင်လူထုအတွက် ကိုယ်စားပြုပါတီ ဖြစ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA သည် ပြည်သူလူထုကြား ဝင်ရောက်လာခဲ့သည်။ ရက္ခိုင့်တပ်တော်၏ ခြေလျင်စစ်သားများသည် ပြောက်ကျားစစ် စနစ်ကိုကျင့်သုံးကာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများ၊ စကစ၏ ရိက္ခာသယ်ယူပို့ဆောင်ရေးများကို ဖြတ်တိုက်ခြင်းများ၊ စစ်ကောင်စီတပ်များအား ခြုံခိုတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြသည်။
တိုက်ခိုက်ခံရမှုများလာသည့်အခါ စစ်အစိုးရသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီချက် ထုတ်ပြန်လိုက်သည်။ ယင်းအချိန်ကာလသည် နိုင်ငံတော်အာဏာသိမ်းရန် စစ်ကောင်စီအတွက် ကြီးမားသည့် အခွင့်အရေးတစ်ခု ဖြစ်ခဲ့လေသည်။ ထိုအချိန်တွင်ပင် ရက္ခိုင့်တပ်တော်သည် ဒေသတွင်း နယ်မြေအုပ်ချုပ်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်။
ယာယီအပစ်အခတ် ရပ်စဲခြင်းသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရက္ခိုင့်တပ်တော်က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် ရဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ ရခိုင်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ၊ အရပ်သား ပြည်သူများအား ဆက်တိုက်ဖမ်းဆီးလာခဲ့ပြီး ရက္ခိုင့်တပ်တော်ဘက်မှလည်း စစ်တပ်မှ အကြီးအကဲများ၊ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထောက်ခံသူများကို ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ရှိသော မောင်တောမြို့နယ်၊ ရှေးခေတ် မင်းနေပြည်တော်နှင့် သမိုင်းဝင်မြို့ဖြစ်သည့် မြောက်ဦးမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ပလက်ဝ မြို့နယ်များတွင် ဖမ်းဆီးမှုများအပါအဝင် တိုက်ပွဲများစွာလည်း ဖြစ်ပွားခဲ့သည်။
မောင်တောဒေသခံ တစ်ဦးက သူတို့ဒေသတွင် ယခင်က တိုက်ပွဲများမရှိဖူးကြောင်း The Times ကို ပြောသည်။ သို့သော်လည်း ဩဂုတ်လ အလည်ပိုင်းမှ စကာ သူတို့ရွာအား ဂျက်ဖိုက်တာများ၊ လက်နက်ကြီးများ ပစ်ခတ်လာမှုတို့ကြောင့် မကြာခဏဆိုသလို ဗုံးခိုကျင်းထဲတွင် ပုန်းအောင်းနေခဲ့ကြရကြောင်း ၎င်းကဆိုသည်။
ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူ ကျော်လင်းက မောင်တောတွင်တိုက်ခိုက်မှုသည် စီးပွားရေးနှင့် အချုပ်အခြာအာဏာနှစ်ခုလုံးအတွက် အရေးပါသော ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သိမ်းပိုက်လိုသည့် ရက္ခိုင့်တပ်တော်၏ ဆန္ဒကို အလေးပေးနေကြောင်း ပြောကြားလိုက်သည်။
၎င်း၏တရားဝင်မှုကို ထုတ်ပြန်ရန်အတွက် ရက္ခိုင့်တပ်တော်သည် မူဆလင်အရေးအခင်းကို ဖန်တီးခဲ့သော စစ်တပ်ထက် ယုံကြည်စိတ်ချရသော အဖွဲ့အစည်းအဖြစ် ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးကို အလေးထားဆောင်ရွက်နေခြင်းဖြစ်သည်။
မူဆလင်ဒုက္ခသည်ပေါင်း ၉၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် ကျဉ်းကျဉ်းကြပ်ကြပ်နေထိုင်နေကြရသည်။ ဒုက္ခသည်များအပေါ်နေရပ်ပြန်ရန်တွန်းအားပေးမှုသည် စစ်ကောင်စီလက်အောက်တွင် အောင်မြင်မှု မရရှိနိုင်ခဲ့ပေ။
ဘင်္ဂလားဒေ့ရှ် အစိုးရအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများသည် ULA/ AA အပေါ် ယခုပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းနေသော အဖွဲ့အစည်းတစ်ခုအဖြစ်မြင်စေလိုကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာလ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ရက္ခိုင့်တပ်တော်သာ အာဏာရလာခဲ့လျင် NUGနဲ့ ဆက်ဆံရေးကို လျင်မြန်စွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသော သူများသည် အာဏာသိမ်းမှုအပြီးတွင် ဥပဒေပြုရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဖြစ်သည်။
တချို့အရာရှိများ နိုင်ငံခြားတွင် အခြေချနေထိုင်နေချိန်တွင် ပြည်တွင်းမှ တခြားအရာရှိများမှာ စစ်အစိုးရ ဆန့်ကျင်မှုများတွင် ဦးဆောင်ခဲ့ကြသည်။ ကျောင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ကျန်းမာရေး လုပ်သားများအပါအဝင် စစ်အုပ်ချုပ်ရေးကိုမလိုလားသော အစိုးရဝန်ထမ်းများမှာလည်း ဆန္ဒပြ သပိတ်မှောက်မှုများတွင် ပါဝင်ခဲ့ကြသည်။
တခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မတူသည့်အချက်မှာ ရက္ခိုင့်တပ်တော်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီကို သစ္စာခံကြသော သူများကို လက်နက်ကိုင်အဖွဲ့အစည်းအတွင်းသို့ဝင်ရန် ကတိကဝတ်မပြုထားခြင်းပင်ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင်NLD ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရခိုင်လက်နက်ကိုင်အဖွဲ့အား “အကြမ်းဖက်” ဟူ၍သုံးနှုန်းထားခဲ့သည်။ ယင်းနှစ်မှာပင် ရက္ခိုင့်တပ်တော်မှ NLD အဖွဲ့ဝင်သုံးဦးအား စစ်တပ်နဲ့ပူးပေါင်း ကြံစည်နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုရှိခဲ့သည်။
ယခုအချိန်တွင် ဘုံရန်သူနဲ့ ဆက်ဆံရေးမှာ အဆင်ပြေချောမွေ့လျက်ရှိသည်။ စစ်ကောင်စီမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းပယ်၍ AAသည် NUG ၏ ဖိတ်ခေါ်ချက်အရ ဆွေးနွေးမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
ဆွေးနွေပွဲ၌ ဦးခိုင်သုခက ရက္ခိုင့်တပ်တော်သည် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း သို့သော်လည်း NUG က အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းလာမည်ကို စိုးရိမ်နေကြောင်း ပြောကြားလိုက်သည်။
စစ်ကောင်စီက အာဏာရှိနေသမျှ ကာလပတ်လုံး ရခိုင်လူထုသည် ဒေါ်အောင်းဆန်းစုကြည်၏ အရိပ်အာဝါသနဲ့ပေါင်းစည်းထားသော အစိုးရ တစ်ရပ်ကို ထောက်ခံမှုဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် သူတို့၏ ဆန္ဒကို ရင်ကြားစေ့ရန် ရုန်းကန်ရလိမ့်မည် ဖြစ်သည်။
“ဟုတ်ပါတယ်၊ NUG က စစ်အစိုးရကို ဖြုတ်ချစေချင်ပါတယ်၊ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ ကျွန်တော်တို့က ကိုယ့်ပြည်ကို ကိုယ့်ဘာသာအုပ်ချုပ်ချင်တယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
“ဒါက ရခိုင်မှာ နောက်ဆုံးတိုက်ပွဲပဲ ဖြစ်ချင်တယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဆောင်းပါးရှင်များဖြစ်ကြသည့် ကျော်ဆန်းလှိုင်နှင့် Andrew Nachemson ရေးသားပြီး Los Angles Times တွင် နိုင်ဝင်ဘာ ၇ ရက်နေ့က ဖော်ပြသည့် Myanmar’s ethnic insurgents raise the pressure on military junta ဆောင်းပါးကို ABN သတင်းဌာနမှ သတင်းထောက် သူရမောင် ဘာသာပြန်ထားသည်။