သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တပ်ရွေးကောက်ပွဲ ကစားကွက်မှာ ကျရှုံးခဲ့ရတဲ့ ရခိုင်ပါတီနိုင်ငံရေးသမားတွေ

(သုံးသပ်ချက် ဆောင်းပါး)

Arakan Bay News

ဆောင်းပါးရှင်-မာမဃ

စစ်ခေါင်းဆောင် အကွက်ချစီစဉ်တဲ့ ရက္ခိုင်ပြည်ရွေးကောက်ပွဲကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

ဒါပေမဲ့ ပွဲအပြီးမှာ စိတ်ဝင်စားစရာအကြောင်း ဖန်လာပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်အုပ်စု နို့သက်ခံ ရက္ခိုင်ပြည် က နာမည်ကြီး နိုင်ငံရေးသမားတွေ စစ်တပ် ပါတီထံ အရှုံးကြီး ရှုံးနိမ့်ခဲ့ရတာကြောင့်ပါ။

ဆိုတော့ ရခိုင့်ဝါရင့် နိုင်ငံရေးသမားတွေ စစ်တပ်ပါတီထံ ဘာကြောင့် မဲအပြတ်သတ်နဲ့ ရှုံးနိမ့်ခဲ့ရတာပါလဲ။ စစ်တပ်က ဘယ်လို ဇယားကွက်ရွှေ့ပြီး ကစားခဲ့တာလဲ။ ရက္ခိုင်ပြည်သူတွေရဲ့ နိုင်ငံရေး လိုအင်က ဘာတွေလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

အင်္ဂါမစုံတဲ့ ရွေးကောက်ပွဲ

ဒီအကြောင်းတွေကို မပြောခင် ရက္ခိုင်ပြည် ရွေးကောက်ပွဲ အခင်းအကျင်း အချက်အလက်နဲ့ ရလာဒ်ကို အကြမ်း ဖျင်းသိထား ဖို့လိုပါ့မယ်။ပြချင်တာက ဒီရွေးကောက်ပွဲဟာ ရက္ခိုင်ပြည်အတွက် အသံသာရှိပြီး အဆံမရှိတဲ့ အနေအထားဖြစ်နေလို့ပါ။

ဘာကြောင့်လဲ? ရက္ခိုင်ပြည်မှာ မြို့နယ် ၁၇ ခုရှိတဲ့အထဲ မြို့နယ်ပေါင်း ၁၄ ခုကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် စစ်အာဏာရှင်ဟာရက္ခိုင်ပြည်ထဲ သူတို့ ထိန်းချုပ်ရာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့ မှာသာ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့လို့ပါ။

ဒီထဲကနေ စစ်တွေမြို့ပေါ် ကစ္ဆပရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၈ ခု၊ ကျေက်ဖြူမြို့နယ်မှာ စနဲမြို့ပေါ် ရပ်ကွက် ၅ ခု နဲ့ ကျေးရွာအုပ်စု ၅၃ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ပါဘူး။ ဒီမြို့ ၃ ခုထဲက လူဦးရေ ၁၉၅၈၈၈ ဦး (နှစ်သိန်းခန့်) မဲစာရင်းထဲမှာပါဝင်ပြီးတောာ့ မဲရုံပေါင်း ၁၆၄ ရုံရှိခဲ့ပါတယ်။

စစ်တွေမှာ မဲပေးပိုင်ခွင့်ရှိသူ  ၉၂,၄၃၀ ဦးရှိပြီး မဲပေးခဲ့သူ ၄၀၀၄၄ ဦး၊ ကျောက်ဖြူမှာ မဲပေးပိုင်ခွင့်ရှိသူ ၄၇၈၄၈ ထဲက မဲပေးခဲ့သူ ၁၀၃၂၄ ဦး၊ မာန်အောင်မှာ မဲပေးခွင့်ရှိသူ ၅၅၅၆၁ ဦး မဲပေးခဲ့သူ ၅၀,၀၀၀ ရှိခဲ့လို့ စုစုပေါင်း မဲပေးခဲ့သူ ၁၀၀၃၆၈ (တစ်သိန်းစွန်းစွန်း) သာရှိခဲ့တာတွေ့ရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရက္ခိုင်ပြည် လူဦးရေ ၃၁ သိန်းကျော်ထဲက ဒီရွေးကောက်ပွဲဟာ လူတစ်သိန်းသာ မဲပေးခဲ့တယ်လို့ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။

ဝင်ပြိုင်ခဲ့တဲ့ ပါတီတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင် ပါတီ၊ ဦးဘရှိန်ရဲ့ ရခိုင်တိုင်းရင်းသားများပါတီ၊ ရက္ခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီနဲ့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီတို့ တွေ့ရပါတယ်။

စစ်ကောင်စီ ကြေညာတဲ့ မဲရလာဒ်

အခုရက်ပိုင်း UEC ထုတ်ပြန်တဲ့ မဲရလဒ်ကိုကြည့်ရင် မဲဆန္ဒနယ်အများစုကို ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့ပါတယ်။  စစ်တွေနဲ့ ကျောက်ဖြူက ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်လွှတ်တော် ၃ နေရာ စလုံးကို ကြံ့ခိုင်ရေးပါတီက ရသွားတာပါ။

မာန်အောင်မှာတော့ ရခိုင့်ဦးဆောင်ပါတီက ပြည်နယ်နဲ့ အမျိုးသားလွှတ်တော်နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီ က ပြည်သူ့လွှတ်တော် နေရာတို့ကိုရခဲ့ပါတယ်။

စစ်တွေ (အမှတ် ၃) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီ ဦးသန်းထွန်း မဲ ၂၅၀၀၀ ကျော်၊ ရခိုင့် ဦးဆောင်ပါတီ ဒေါက်တာအေးမောင်က မဲ ၈၀၀၀ ကျော်နဲ့၊ ရခိုင်တိုင်းရင်းသားများပါတီ ဦးအောင်မြတ်သူက မဲ ၆၀၀၀ ကျော် ရခဲ့ကြပါတယ်။

ဒါ့အပြင် စစ်တွေ ပြည်သူ့လွှတ်တော်နေရာမှာ ကြံ့ခိုင်ရေး  ဦးစန်းငွေက ကြိုတင်မဲ ၈၁၆၂ မဲနဲ့ ခိုင်လုံမဲ ၂၄၁၄ဝ မဲ၊ AFP ဦးသာအေးက ကြိုတင်မဲ ၅ဝ၆ မဲနဲ့ ခိုင်လုံမဲ ၇၁၁၈ မဲ၊ RNP ဒေါ်သန်းသန်းအေးက ကြိုတင်မဲ ၁၇ဝ မဲနဲ့ ခိုင်လုံမဲ ၄၅၁၄ မဲ၊ ခမီပါတီ ဦးကျော်ဆန်းဦးက ကြိုတင်မဲ ၃၉ မဲနဲ့ ခိုင်လုံမဲ ၂၂၈၉ မဲ၊ ရက္ခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီက ဒေါ်ခင်မော်လီဇော်က ကြိုတင်မဲ ၄၄ မဲနဲ့ ခိုင်လုံမဲ ၁၂၆၈ မဲ၊ မြိုပါတီ ဦးမောင်ဝင်းလှိုင်က ကြိုတင်မဲ ၂၃ မဲနဲ့ ခိုင်လုံမဲ ၅၅၅ မဲတို့ ရခဲ့တယ်လို့ UEC ထုတ်ပြန်ချက်မှာ တွေ့ပါတယ်။

ကျောက်ဖြူ (အမှတ်၂) အမျိုးသားလွှတ်တော်နေရာကို ကြံ့ခိုင်ရေး ဦးမြလင်းက ကြိုတင်မဲ ၂၅၆၅နဲ့ ခိုင်လုံမဲ ၆၂၄၈ မဲ၊ RNP ဦးဘရှိန်က ကြိုတင်မဲ ၇၂ မဲနဲ့ ခိုင်လုံမဲ ၂၆၄၉ မဲ၊  AFP ဦးတင်ထွန်း ကြိုတင်မဲ ၆၄ မဲနဲ့ ခိုင်လုံမဲ ၄၁၂၃ မဲရ ခဲ့တာတွေ့ပါတယ်။

ပါတီခေါင်းဆောင်နှစ်ဦးရဲ့ နိုင်ငံရေးသမိုင်းနဲ့ လာရာလမ်း

ဒေါက်တာအေးမောင်ဟာ တိရစ္ဆာန်ဆရာဝန်ဖြစ်ပြီးတော့ ဦးဘရှိန်ဟာ ရှေ့နေဖြစ်ပါတယ်။ ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်တို့ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ ANP က ဝင်ပြိုင်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် အမတ်တွေဖြစ်ခဲ့ကြပါတယ်။ သူတို့တွေဟာ  ရခိုင်အမျိုးသားပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေလည်းဖြစ်ပါတယ်။

ဒေါက်တာအေးမောင်

ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေး သမိုင်းအစကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ (RNDP)နဲ့ စတင်ခဲ့ပါတယ်။ အဲဒီတုန်းက ဒေါက်တာအေးမောင်ဟာ အမျိုးသားလွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့ပြီး အမတ်ဖြစ်လာခဲ့ပါတယ်။

ရက္ခိုင်ပြည်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(ALD)ဟာ ၁၉၉၀ ခု ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ် သလို၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) လည်း ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပါတီတခု ဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ ရက္ခိုင်ပြည်သူတွေရဲ့ သဘောဆန္ဒအရ ၂၀၁၃ ခုနှစ် ဇွန်လမှာ ဒီပါတီကြီး RNDP နဲ့ ALD တို့ကို ပေါင်းစည်း လိုက်ပြီးတော့ တခုတည်းသော ရခိုင်အမျိုးသားပါတီ (ANP) ဖြစ်လာပါတယ်။

ANP မှာ ဒေါက်တာအေးမောင်ဟာ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ANP ဟာ ရက္ခိုင်လွှတ်တော်ကို လွှမ်းမိုးနိုင်ခဲ့သလို  ပြည်ထောင်စုလွှတ်တော်မှာလည်း NLD၊ USDP၊ SNLD ပြီးရင် နံပါတ်၄ နေရာမှာ ရပ်တည်နေ ခဲ့တာပါ။ 

ဒါပေမဲ့ ခေါင်းဆောင်တွေ သဘောထားကွဲလွဲကာ ဒေါက်တာအေးမောင်ဟာ ANP က နုတ်ထွက်ပြီး AFP ပါတီကို ၂၀၁၈ ခုနှစ်မှာ တည်ထောင်ပါတယ်။

ဒေါက်တာအေးမောင်ဟာ ၂၀၁၈ ခုနှစ် ရသေ့တောင်မှာ ပြုလုပ်ခဲ့တဲ့ ရက္ခိုင့်အချုပ်အခြာ အာဏာကျဆုံးခြင်း စာပေဟောပြောပွဲကြောင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်ကို သစ္စာဖောက် ပုန်ကန်မှု (ပုဒ်မ ၁၂၂)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု (ပုဒ်မ ၅၀၅-ခ) တို့နဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရ ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ၂၀၂၁ ဖေဖော်ဝါရီ ၁၂ (ပြည်ထောင်စုနေ့) မှာ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးပါတယ်။ ထောင်ကလွတ်လာပြီးနောက် စစ်အုပ်စု ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ တက်တက် ကြွကြွပါဝင်ပြီး စစ်တပ်ပြိုလဲလို့ မရဘူး ဝါဒဖြန့်စကားတွေပြောပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြပါတယ်။

ဒါကြောင့် နိုင်ငံတော်ပုန်ကန်မှုနှင့် တရားစွဲဆိုထားရတဲ့ ဒေါက်တာအေးမောင်ရဲ့ လက်ကျန်အမှု၊ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် မရဖြစ်နေတာကို စစ်ခေါင်းဆောင်လက်မှတ်နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခဲ့ပြီး ရွေးကောက်ပွဲ ဝင်ပြိုင် နိုင်ဖို့ လမ်းဖွင့်ကူညီပေးခဲ့တာပါ။

ဆိုတော့ ဒေါက်တာအေးမောင်ဟာ ရက္ခိုင်နိုင်ငံရေး ဖြတ်သန်းမှု သမိုင်းမှာ ရက္ခိုင်ပြည်ကနေ ရွေးကောက်ပွဲ ၄ ကြိမ် ဝင်ပြိုင်ဖူးပြီး ၂ ကြိမ်အနိုင်ရကာ ၂ ကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (မြေပုံမြို့နယ်)က အနိုင်ရရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ တော့ မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ NLD ထံ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ အမ်းမြို့နယ်က ဝင်ပြိုင်လို့ အနိုင်ရပါတယ်။ ဒီတကြိမ်တော့ ၂၀၂၅ ရွေးကောက်ပွဲမှာ တဖန် ရှုံးနိမ့်တာကို မြင်ရတာပါ။

ဦးဘရှိန်

ဆက်လက်ပြီး ဦးဘရှိန်အကြောင်းအနည်းငယ်သွားကြည့်ပါရစေ။

ဦးဘရှိန်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ALD က စတင်လို့ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သူပါ။ အဲဒီနောက် RNDP မှာ ပါဝင်လာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာပါတယ်။ အဲဒီနောက် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ANP ကနေ ဝင်ပြိုင်ခဲ့ပြီး ကျောက်ဖြူ မြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာကိုဆက်ရခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ANP ပါတီကို သူကိုယ်တိုင်ဦးဆောင်ပြီး စစ်ကောင်စီထံ ပြန်လည် မှတ်ပုံတင်ခွင့် လျှောက်ခဲ့ပါသေးတယ်။  ANP ပါတီကို စစ်ကောင်စီက ပယ်ချလိုက်တာကြောင့် ၂၀၂၅ ဩဂုတ်လမှာ ရခိုင်တိုင်းရင်းသားများပါတီ (RNP)ကို တည်ထောင်ကာ အခု ရွေးကောက်ပွဲဝင်ခွင့်ရလာသူ ဖြစ်ပါတယ်။

ဆိုတော့ ဦးဘရှိန်ဟာ ၂၀၁၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပြီးတော့ အခု ၂၀၂၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာပါ။

ကြံ့ခိုင်ရေးကို မနိုင်တာဘာကြောင့်လဲ

အပေါ်မှာပြောခဲ့သလို ၂၀၁၀ ၊ ၂၀၁၅ ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေထဲ ရက္ခိုင်ပြည်သူတွေကို ရက္ခိုင်ပါတီတွေ လွှမ်းမိုးနိုင်ခဲ့တာကြောင့် လွှတ်တော်ထဲမှာ ထိုင်ခုံအများရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၅ မှာတော့ လုံးဝ ပြောင်းပြန် ဖြစ်ခဲ့ပြီ။ ရက္ခိုင်နာမည်ကြီး နိုင်ငံရေးသမားတွေ ကြံ့ခိုင်ရေးကို ကျော်မရောက်ခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။

ဒီမေးခွန်းဟာ တကယ့် စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီနေရာမှာ အဓိက သော့ချက် ၂ ခုတွေ့ရပါတယ်။

နံပါတ် ၁၊ ကြိုတင်မဲ၊ မူဆလင်မဲ၊ ဌာနဆိုင်ရာဝန်ထမ်းနဲ့ တပ်အသိုင်းဝိုင်းအားကို စစ်ကောင်စီ အသုံးချနိုင်ခဲ့တာပါ။  နံပါတ် ၂ က တော့ ကာယကံရှင် ရက္ခိုင်ပြည်သူတွေရဲ့ အမျိုးသားရေးစိတ်ဓာတ် ရေချိန်တို့ဖြစ်ပါတယ်။

ဆိုတော့ ကြိုတင်မဲအကြောင်းကို ပြောမယ်။ အပေါ်ပိုင်းမှာ ကြိုတင်မဲကို မြင်သာအောင် အချက်လက်တွေနဲ့ ရှင်းပြခဲ့ပါပြီ။ ဒီလိုဖြစ်လာဖို့ စစ်တပ်က သေချာ ဇယားကွက်ချပြီး ရွှေ့ကစားခဲ့တာပါ။ စစ်တပ်အသိုင်းဝိုင်း အကြောင်းကို ပြောရရင် ဒီရွေးကောက်ပွဲမှာ စစ်တပ် တပ်ဖွဲ့ဝင်တွေ၊ မိသားစုတွေဟာ ကြံ့ခိုင်ရေးပါတီကို မဖြစ်မနေ မဲပေးရမယ်လို့ ညွှန်ကြားထားတာပါ။

အခြားပါတီတခုကို မဲပေးတယ်လို့ စစ်ဆေးတွေ့ခဲ့ရင် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မယ်လို့ တပ်တွင်းမှာ အမိန့် ပေးခဲ့တာရှိပါတယ်။ ဒါ့အပြင် ရက္ခိုင်စစ်ပွဲထဲ သေဆုံးသွားတဲ့ စစ်သားတွေတောင် မဲစာရင်းထဲ ထည့်ထားပြီး မဲပေး ခိုင်းတာပါ။ ဒီမဲစာရင်းတွေကို ဘယ်အဖွဲ့အစည်းကမှ စစ်ဆေးခွင့်မရှိပါဘူး။

နောက်တခုက စစ်တွေမြို့နယ်ထဲက မူဆလင်တွေကို မှတ်ပုံတင်လုပ်ပေးပြီး မဲထည့်ခိုင်းတာပါ။ မှတ်ပုံတင်လုပ် ပေးမယ် မဖြစ်မနေ ကြံ့ခိုင်ရေးကို မဲထည့်ရမယ်ဆိုပြီး အပေးအယူ ကစားခဲ့တာပါ။ ကြံ့ခိုင်ရေးပါတီဟာ ရက္ခိုင်မှာ သူတို့ အနိုင်ရရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း လုပ်ခဲ့ပါပြီ။ (White Card) အဖြူရောင်ကတ် လုပ်ပေးပြီး မူဆလင် ၅ သိန်းကျော်ကို မဲပေးခွင့်ပြုခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

ဒါကြောင့် ကြံ့ခိုင်ရေးပါတီကနေ မူဆလင် အမတ်တွေ လွှတ်တော်ထဲ ရောက်ခဲ့ဖူးပါပြီ။ တကယ်တော့ ရက္ခိုင်က မူဆလင်တွေဟာ ရွေးကောက်ပွဲ တကြိမ်လာတိုင်း စစ်တပ်ရဲ့ နိုင်ငံရေးအသုံးချခံ အဖြစ် ဖြည့်ဆည်းပေးခဲ့ရတာပါ။

ဒီတော့ စစ်တွေမြို့က ရက္ခိုင်ပြည်သူမဲတွေကို AFP၊ RNP ပါတီနှစ်ခုနဲ့ မဲခွဲလိုက်ပြီးတော့ ကြံ့ခိုင်ရေးဟာ စစ်တပ်နဲ့ မိသားစု ဝင်မဲတွေ၊ မူဆလင်မဲတွေကို တစုတည်း ကောက်ယူလိုက်တာပါ။

ဒီနေရာမှာ နောက်တချက်က စစ်တွေ၊ ကျောက်ဖြူ လက်ရှိ မြို့ထဲနေသူတွေက ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေပါ။ ဒီအသိုင်းဝိုင်းဟာလည်း အပေါ်က ဖိအားနဲ့ ကြံ့ခိုင်ရေးကို မချစ်ပေမဲ့ မဲပေးခဲ့ရပါတယ်။

ဒုတိယ အချက်အနနဲ့ ရက္ခိုင်တွေဟာ အမျိုးသားရေးစိတ်ဓာတ် ပြင်းပြကြတယ်ဆိုပေမဲ့ ဒီတခါမှာတော့ ရက္ခိုင်ပါတီ တွေကို လုံးဝ အားမပေးတော့ပါဘူး။ ဘာကြောင့်လဲ ရှင်းပြစရာမလိုတော့ပါ။ အခု စစ်တပ်လက်အောက်က ယှဉ်ပြိုင်မဲ့ အမတ်လောင်းတွေ ဘာကို လိုချင်တာလဲ။ ဘာဖြစ်လာမလဲ ဆိုတာကို ခွဲခြားသိမြင်ထားလို့ပါ။

ဆိုလိုတာက အခုအမတ်လောင်းတွေဟာ သန္ဓေမမှန်တဲ့ နိုင်ငံရေးသမားတွေလို့ ပြည်သူတွေသတ်မှတ်တာပါ။ ရက္ခိုင်ပြည်သူတွေဟာ ရွေးကောက်ပွဲ အဆက်ဆက်ကို ကျော်လွှားခဲ့ဖူးပါပြီ။ မ,အတော့ပါဘူး။ ဆိုတော့ ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်တို့ဟာ ရက္ခိုင်ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကို လျှော့တွက်ခဲ့တယ်လို့ ဆိုချင်ပါ တယ်။

သူတို့တွေဟာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စစ်တပ်ပြိုကွဲ လို့မရဘူး။ ရွေးကောက်ပွဲမရှိရင် တိုင်းပြည် ပျက်မယ်၊ ရက္ခိုင်ပြည် ပြာပုံဖြစ်မယ်ဆိုပြီး ပြောဆို မဲဆွယ်ခဲ့လို့ပါ။

ငြိမ်းချမ်းရေး၊ ဖက်ဒရယ်၊ ဒီမိုကရေစီ၊ ရွေးကောက်ပွဲစတဲ့ စကားလှတွေကို‌ ပြောပြီး မိမိကိုယ်ကိုယ်ကို ငြိမ်းချမ်းရေး စစ်သူကြီးသဖွယ် ပုံဖော်ပြီးပြောကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်မီ ရက်အနည်းငယ် အလိုမှာ ရက္ခိုင်ပြည်သူတွေ အကြမ်းဖက်ခံခဲ့ရတဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်တွေကို လုံးဝ မသိကြောင်း၊ မကြားကြောင်း ဥပေက္ခာပြုထားနိုင်ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်က ရက္ခိုင်ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ လမ်းခရီး ပိတ်ဆို့၊ နေ့တိုင်း ဗုံးကြဲခံနေရတဲ့ လုပ်ရပ်တွေအတွက် ကိုယ်ချင်းစာကြောင်း ထုတ်မပြောရဲဘဲ တချိန်လုံး ရွေးကောက်ပွဲလို့ ပြောနေတာက အလုပ် မဖြစ်ခဲ့တာပါ။

ဆိုတော့ ရက္ခိုင်ပြည်သူတွေရဲ့ ဒုက္ခတွေကို လျစ်လျူရှုတာတွေ၊ ပြည်သူတွေကို အထင်သေးပြီး ကြံ့ခိုင်ရေး ထက် စာရင် သူတို့ကို ထောက်ခံမယ်ဆိုပြီးတော့ တွက်ချထားတာတွေက ရှုံးနိမ့်ရဖို့ လုံလောက်တဲ့ အထောက်အကူ ဖြစ်ခဲ့တယ်လို့ သုံးသပ်ရပါတယ်။

နောက်ပြီးလက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ရှေ့ကိုမျှော်တွေးနိုင်စွမ်းထက် မိမိအမတ်ဖြစ်ချင်တာလောက်ပဲသိတဲ့ တကိုယ်ကောင်းဆန်စိတ်ကြောင့် ဖြစ်ပါတယ်။

ဆိုတော့ ရွေးကောက်ပွဲပြီးရင် နေရပ်ပြန်ရမယ်။ ရက္ခိုင်ပြည်ကြီး ငြိမ်းချမ်းရေးရမယ်။ ကျနော့်ကို မဲထည့်ပေး ကြပါလို့ လက်သီးလက်မောင်းတန်းပြီး ပြည်သူ လက်တစ်ဆုပ်စာကို ပေးခဲ့တဲ့ မဲဆွယ်ကတိကဝတ်တွေက အလုပ်မဖြစ်ကြောင်း သက်သေပြလိုက်တာလို့ ဆိုချင်ပါတယ်။

ရက္ခိုင့်နိုင်ငံရေး အရှိတရားနဲ့ သင်ခန်းစာ

ရက္ခိုင်ပြည်သူတွေဟာ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ စတဲ့ ရွေးကောက်ပွဲကြီးတွေကို ဖြတ်သန်းခဲ့ပါပြီ။ ရက္ခိုင်တွေနဲ့ ထပ်တူကျတဲ့ နိုင်ငံရေးလိုအင်ဟာ ၂၀၀၈ ခြေဥအောက်မှာ ရှိမနေတာကို ရှင်းရှင်းလင်းလင်းနားလည် နေတာပါ။

ဒီနေ့ ရက္ခိုင်ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ လေကြောင်းအကြမ်းဖက် သတ်ဖြတ်မှုအောက်မှာ အသက်ရှင်ဖို့ ရုန်းကန်နေရပါတယ်။ ရက္ခိုင်ပြည်သူတွေ စုဝေးရာ ရပ်ရွာ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက် အအုံအားလုံးကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်နေတဲ့ ရာဇဝတ်မှုတွေကို ရေငုံနှုတ်ပိတ်ပြီး၊ ကျည်ကွယ် မျက်ကွယ် မှာ နေလို့ မရကြောင်း မက်ဆေ့ချ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဆိုတော့ ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်တို့ဟာ အခုအချိန်မှာ စစ်ခေါင်းဆောင်ကလည်း ဆွဲမယူတော့သလို ရက္ခိုင်ပြည်သူတွေကလည်း ငါတို့ဘက်တော်သား မဟုတ်ဘူးဆိုတာကို  ကွင်းကွင်းကွက်ကွက် ချပြလိုက်ပါပြီ။

ဒီတော့ စစ်ခေါင်းဆောင် အသုံးတော်ခံလည်းမဖြစ် ပြည်သူတွေလည်း မကြိုက်တဲ့ သူတို့နှစ်ဦးဟာ နိုင်ငံရေး လောကထဲ သင်းသတ်ခံလိုက်ရပြီလို့လည်း ဆိုနိုင်ပါတယ်။

ဆိုတော့ စစ်အာဏာရှင် နို့သက်ခံချင်တဲ့ နိုင်ငံရေးသမားနှစ်ဦးတို့ရဲ့ ရွေးကောက်ပွဲပြဇာတ်ဟာ ‘မပဋာ မြေလူး ’ အဖြစ် ဒီဘဝ ဒီမျှနဲ့ ကျေနပ်ခဲ့ပါပြီ။ စစ်တပ်ရဲ့ လုပ်ကြံဇာတ် နိုင်ငံရေး သတ်ကွင်းထဲမှာ ပက်လက် မျှောခဲ့ပါပြီ။

ဘိတ်ဆုံးမှာ စစ်တပ်ထပ်မံ အသုံးချမယ့် နေရာကတော့ နေပြည်တော်က နိုင်ငံရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးပွဲ တွေမှာ ပါတီနိုင်ငံရေးအင်အားစုအဖြစ် ထိုင်ခုံတနေရာစီတော့ နှစ်သိမ့်ဆုအဖြစ် ပေးမှာကို ကြိုမြင်နေရကြောင်း သုံးသပ်လိုက်ရပါတယ် ခင်ဗျား…။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ