သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းပြည်နဲ့ အာရက္ခပြည် အနာဂတ်ကို မျှော်ကြည့်ခြင်း  

(နိုင်ငံရေးဆောင်းပါး) မာမဃ- ရေးတယ်။

ကချင်၊ ရှမ်းမြောက်၊ ကရင်၊ ကရင်နီ၊ ဗမာပြည်၊ ချင်း စတဲ့ နိုင်ငံအနှံ့ ဖြန့်ကျက်ပြီး မဟာမိတ်ဆက်ဆံရေးနဲ့ အတူ စစ်ကူတိုက်ပေးနေတဲ့ အာရက္ခတပ်တော်ဟာ ပစ္စက္ခ မြန်မာ့တော်လှန်ရေး သမိုင်းမှာ အောင်မြင်ပြီး အတွေးခေါ် ထက်မြက်တယ်လို့ အားလုံးက ထင်ကြေးပေးရင် သံသယမဝင်နိုင်ပေ။

အပြောနည်းပြီး အလုပ်နဲ့ သက်သေပြတဲ့ အာရက္ခတပ်တော်ဟာ ဒီနေ့ တော်လှန်ရေးနယ်ပယ်မှာ ဆောင်းပါး အဖွင့် မှာ ရေးခဲ့သလိုပဲ စစ်တိုက်ရင် ဝေဖန်မှု ပိုပြင်းထန်တယ်ဆိုတဲ့အတိုင်း စစ်ရေးနိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံက ထိုးနှက်မှုတွေလည်း ရှိနေတာပါ။

နယ်မြေထိန်းချုပ်မှုများလာတာနဲ့အမျှ လူမျိုးရေး ဘာသာရေးဆန်ဆန် သွေးထိုးလှုံ့ဆော်မှုတွေနဲ့အတူ ပြည်တွင်း စီးပွားရေး စတဲ့ လှိုင်းတံပိုးဒဏ်ကို အံကြိတ်ခံရင်း “တိုက်ရင်း တည်ဆောက်” ဆိုတဲ့ လက်တွေ့ ရက္ခိတလမ်းစဉ် ကို လျှောက်နေပါတယ်။

ဒီနေရာမှာ အဓိက မီးမောင်းထိုးပြချင်တာက ချင်းပြည်နဲ့ အာရက္ခပြည်အရေးပါ။ မြန်မာနိုင်ငံအနောက်ဘက် ဇုန် ကနေ အဆင်းရဲဆုံးပြည်လို့ တံဆိပ်ရိုက်ခံထားရတဲ့ ချင်းပြည်နဲ့ အာရက္ခပြည်အတွက် အနာဂတ်ရင်လေးစရာနဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေ ရှိနေတာကို မြင်ကြမှာပါ။

သူတို့ဟာ အိမ်နီးနားချင်း ဆွေမျိုးရင်းထက် တော်လှန်ရေးမှာ ညီအစ်ကိုတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။ CNF/CNAနဲ့ ULA/ AA ကို ဆိုလိုတာပါ။ တော်လှန်ရေးနယ်ပယ်မှာ ချင်းက နောင်တော်ဆိုရင် ရခိုင်ကတော့ ညီတော်ပေါ့။ ချင်း အမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်တော် CNF/CNA ကို ၁၉၈၈ ခုနှစ် မတ်လမှာ စတင်ဖွဲ့စည်းပြီး လက်ရှိ တော် လှန်ရေး ကာလ  ၃၆ နှစ်၊  AA ကိုတော့ ၂၀၀၉ ဧပြီလမှာ ဖွဲ့စည်းပြီး လက်ရှိ တော်လှန်ရေး ကာလ ၁၅ နှစ် ရှိ ပြီး ဖြစ်တယ်။

၂၀၁၄ နိုဝင်ဘာ ၁၉ ရက်နေ့က တရုတ် မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ထဲက ဗိုလ်လောင်း စစ်သင်တန်းကျောင်းထဲကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဗိုလ်လောင်း(၂၃) ဦးကျဆုံးခဲ့ပြီး  AA မှ ၈ ဦးနဲ့ CNF မှ ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ ဒါဟာ တော်လှန်ရေးနယ်မြေထဲက CNF နဲ့ AA တို့ရဲ့ ဆက်နွယ်မှုနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေပါ။

စီးပွားရေး လမ်းကြောင်းနဲ့ AA ကို ဖိအားပေး

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့သိမ်းတိုက်ပွဲမှာ AA က ချင်းညီနောင်အဖွဲ့နဲ့ ပူးပေါင်းစစ်ဆင်နေတယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ ဒီဒေသကနေ ထွက်ခွာသွားဖို့နဲ့ အိန္ဒိယကနေ ပလက်ဝနဲ့ ရခိုင်ဘက်သို့ ကုန်စည် စီးဆင်းနေတဲ့ နယ်စပ်လမ်းကြောင်းကို ဇွန် ၂၄ ကစပြီး  မီဇိုရမ်ပြည်နယ်အခြေစိုက် ချင်းအဖွဲ့ Central Young Lai Association ( CYLA) က ဒီနေ့အထိ ပိတ်ထားဆဲပါ။ ဒါကတော့ ဒုတိယအကြိမ်ပါ။ မေလ ၂၅ ရက်နေ့ကလည်း နယ်စပ်ဒေသ လုံခြုံရေးကို အကြောင်းပြ ပြီးတော့  တစ်ခါ ပိတ်လိုက်ပြီး ULA ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကာ ဇွန် ၁၂ မှာ  ပြန် ဖွင့်ပေး ခဲ့ပါသေးတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ဖက်ခြမ်းမှ ပလက်ဝနှင့် ရက္ခိုင်သို့ ကုန်ပစ္စည်းများ တင်သွင်းမှုကို ပိတ်ဆို့ထားသည့် CYLA အဖွဲ့အားတွေ့ရစဥ်

CYLA အဖွဲ့ဥက္ကဋ္ဌ က “ဒီလိုပိတ်ရတဲ့ ပထမဆုံးအကြောင်းရင်းကတော့ တိုက်ပွဲတွေ ဖြစ်နေလို့ပါ။ AA နဲ့ သူ့ ချင်း ညီနောင်တွေက မတူပီနယ်ကို သိမ်းဖို့ကြိုးစားနေတာ။ ဒီတိုက်ပွဲကို ရပ်ဖို့အတွက် AA နဲ့ သူ့ညီနောင်တွေကို ဆက် သွယ်ပြောဆိုဖို့ ကြိုးစားပေမယ့် အကြောင်း ပြန်မရပါဘူး” လို့ ဧရာဝတီ သတင်း ဌာနကို ဇူလိုင် ၅ ရက်နေ့က ပြောပါတယ်။

ယခု နယ်စပ်လမ်းကို ပိတ်လိုက်တဲ့ လောင်တလိုင် CYLA အဖွဲ့ဟာ အိန္ဒိယနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ချင်းမျိုးနွယ်စု အရပ်ဘက် အဖွဲ့ဖြစ်ပြီးတော့ မီဇိုရမ်ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်ပေးထားတာပါ။ ဒီအဖွဲ့ဟာ ချင်း ပြည်မြောက်ပိုင်း ဟားခါး၊ ထန်တလန်ဘက်မှ Lai ချင်းမျိုးနွယ်စုတွေဖြစ်ပြီး CNF/ CNA) ကို ထောက် ခံသူတွေ ဖြစ်တယ်လို့ ချင်းအသိုင်းဝိုင်းက ပြောပါတယ်။

အာရက္ခပြည်မှာ စစ်ကောင်စီက ပြည်မနဲ့ ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းအားလုံး ဖြတ်တောက်ထားတာ ကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်ဒေသဟာ ပလက်ဝကနေ အာရက္ခပြည် မြောက်ပိုင်းဒေသသို့ အခြေခံ ကုန် စည်စီးဆင်းရေးအတွက် အရေးပါနေတာပါ။ ဒါပေမဲ့ လမ်းပိတ်ဆို့လိုက်တာကြောင့် အာရက္ခပြည်နဲ့ ပလက်ဝ ဒေ သမှာ အခြေခံစားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါး ပြတ်တောက်တာ၊ ဈေးကြီးတာတို့ ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး AA ပြောခွင့်ရသူ ခိုင်သုခကတော့ CYLA (လိုင်လူငယ်) အဖွဲ့ဟာ မြန်မာ့နိုင်ငံအတွင်း ရေးကို အိန္ဒိယကနေ ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး လုံးဝမလုပ်သင့်ကြောင့် ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောဆို ထား ပါတယ်။

ဒါ့အပြင် လိုင်လူငယ်အဖွဲ့က အခုလို ကုန်စည် စီးဆင်းမှု ပိတ်လိုက်တာဟာ AA ကို ဖိအားပေးနိုင်ခြင်းထက် အိန္ဒိ ယ ရဲ့ မဟာဗျူဟာမြောက် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကိုလည်း ထိခိုက်နိုင်တယ် လို့ ချင်းတိုင်းရင်းသားတွေက ဝေဖန် ပြောဆိုမှုတွေလည်း တွေ့ရပါတယ်။

အိန္ဒိယ ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက် ကုန်သွယ်ရေးစီမံကိန်းဖြစ်လာမယ့် ကုလားတန် စီမံကိန်းဟာ ချင်းပြည် ပလက်ဝ အာရက္ခပြည် ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့တို့ကို ဖြတ်သန်းပြီး စစ်တွေမြို့က လွဲရင် ကျန်လမ်းပိုင်းများကို AA က ထိန်းချုပ်ထားပါပြီ။

ချင်းပြည်အခြေစိုက်  Zalen Media ရဲ့ ဇူလိုင် ၃ ရက်နေ့ထုတ် ဆလိုင်း ဟားခါးသား ရေးတဲ့  “ ဘာကြောင့် AA က ချင်းညီနောင်နဲ့ ဘာနိုင်ငံရေးစာချုပ်စာတမ်းမလုပ်ဘဲ ကူညီတာလဲ” ဆိုတဲ့ ချင်းပြည်နဲ့ တော်လှန်ရေး သုံးသပ်ချက် ဆောင်းပါးမှာတော့  “ CNF/CNA ခေါင်းဆောင်တွေဟာ ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းရဲ့ အဓိက အသက်ရှု ပေါက် ပလက်ဝ- အိန္ဒိယလမ်းကို အိန္ဒိယနိုင်ငံမှာရှိတဲ့ လူငယ်အဖွဲ့တစ်ခုအား လာဒ်ပေး လမ်းပိတ်စေခဲ့တယ် ” လို့ ရေး ပါတယ်။

ဒါ့အပြင် ချင်းပြည်တောင်ပိုင်း ချင်းပြည်သူတွေနဲ့ ရခိုင်တွေကို ဒုက္ခတွေ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ပြီး CNF/ CNA က ULA/AA ကို ရန်မူတဲ့ အဖွဲ့ဖြစ်တယ်လို့ တိုက်ရိုက်ရေးပါတယ်။

ဒါပေမဲ့ ရခိုင်ခေါင်းဆောင်တွေဟာ ရန်သူနည်းပြီး မိတ်ဆွေများဖို့ကို အခိုင်အမာမူဝါဒချထားပြီး EAOs၊ PDF အား လုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားပြီး CNF/CNA ကလွဲပြီး ULA/AA ကို ရန်မူတဲ့ တိုင်းရင်းသား လက်နက်ကိုင် လုံးဝမရှိသေးဘူးလို့လည်း ဆောင်းပါးရှင် ဆလိုင်း ဟားခါးသား က ဆိုပါတယ်။

ဒီလို ရခိုင်ဘက်က မိတ်ကောင်း၊ ဆွေကောင်းနှင့် ဝန်းရံထားတဲ့ တိုင်းပြည်တစ်ခုကို ထူထောင်ဖို့ ကြိုးပမ်းနေချိန်မှာ စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံကနေ CNF/CNA က ထိုးနှက်ချက်တွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ချင်းပြည်ရဲ့ တော်လှန်ရေး အင်အားစုအကြောင်း အနည်းငယ် သိထားဖို့ လိုပါလိမ့်မယ်။

တော်လှန်ရေးနဲ့ ချင်းအဖွဲ့တွေ ဘယ်လိုကွဲနေလဲ

လက်ရှိ ချင်တော်လှန်ရေးတပ်ဖွဲ့တွေမှာ မတူညီတဲ့ မူဝါဒတွေကြောင့် ပေါင်းစည်းရခက်နေပါသေးတယ်။ အဖွဲ့ ကြီးအဖြစ် CNCC နဲ့ ချင်းလန်းကောင်စီ(CC) တို့က ကွဲပါတယ်။ သူတို့က တော်လှန်ရေး အစိုးရ အဖြစ်ချင်း ပြည်မှာ စင်ပြိုင် အုပ်ချုပ်နေတယ်လို့ နားလည်နိုင်ပါတယ်။

ချင်းပြည်ကောင်စီ (ချင်းလဲန်းကောင်စီ) ကို ချင်းအမျိုးသားတပ်ဦး (CNF) က ဦးဆောင်ဖွဲ့စည်းပြီး သူတို့အများဆုံး ပါဝင်တာကြောင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)က အသိအမှတ်မပြု ကန့်ကွက် ထားတာပါ။  ဒီအထဲ သူတို့နဲ့ လက်တွဲနေတဲ့ ဒေသအခြေစိုက် တော်လှန်ရေးတပ် (CDFs) တွေလည်း နှစ်ဘက် စလုံးမှာ ရှိနေတာပါ။

တစ်ခါချင်းညီနောင်အဖွဲ့(Chin Brotherhood- CB )ဆိုပြီး CDFs အဖွဲ့တွေလည်း ရှိနေပါတယ်။ ဒီအဖွဲ့တွေထဲမှာ ဇိုမီးဖက်ဒရယ် အစည်းအရုံ (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုး သား ကောင်စီ (မင်းတပ်)၊ မရာ နယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC)၊ ချင်းကာကွယ်ရေး တပ်ဖွဲ့(ကန်ပက်လက်)၊ ချင်းလဲန်း ကာကွယ်ရေး တပ်ဖွဲ့ မတူပီ (တပ်မဟာ- ၁) တို့ ပါဝင်ပြီး AA နဲ့ မဟာမိတ် ဆက်ဆံ ရေးရှိပြီး မြေပြင်တိုက်ပွဲတွေ ဖော်နေပါတယ်။

မတူပီ တိုက်ပွဲမှာ CNF က AA ကို အပြစ်မြင်

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ဟု အမည်ပေးထားတဲ့ ချင်းပြည်တောင်ပိုင်းက ခရိုင်အဆင့်ရှိတဲ့ မတူပီ မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်တွေက ဇွန်လ ၉ ရက်နေ့ကစပြီး တိုက်ခိုက်တာ ဇွန် ၂၉ ရက် နေ့မှာ ရရှိခဲ့ပါ တယ်။ စစ်ဆင်ရေး ရက် ၂၀ အကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် ခလရ ၁၄၀ နဲ့ ခမရ ၃၀၄ တို့နဲ့အတူ  မြို့ကို ထိန်း ချုပ်လိုက်တာပါ။

မတူပီမြို့ကို ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ပြီးနောက် ရိုက်ထားသည့် ဓာတ်ပုံအားတွေ့ရစဥ်

ဒီတိုက်ပွဲမှာ အာရက္ခတပ်တော် (AA)နဲ့ ယော (YDF) တို့ပူးပေါင်း အနိုင်ရခဲ့တာပါ။ ပြဿနာက မြို့သိမ်းတိုက်ပွဲ ပြီးဆုံးတော့မယ့် အချိန်မှာ ချင်းညီနောင်နဲ့ ချင်းလဲန်းကောင်စီ(CNF) တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုနဲ့ နှစ်ဘက်စလုံးက သေဆုံးဒဏ်ရာရမှုလည်း ရှိခဲ့ပါတယ်။

ဒါ့ပေမဲ့ မတူပီမြို့သိမ်းတိုက်ပွဲမှာCNFနဲ့ ချင်းပူးပေါင်းတပ်တို့က AA ပါတဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တွေကို နောက်ကနေ အလစ်ငိုက်ဝင်တိုက်ခဲ့တာလို့ ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုလိုမျိုး ချင်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြား ပစ်ခတ်မှုတွေကို ချင်းပြည်သူတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့ တွေကလည်း စိတ်မကောင်းဖြစ်ခဲ့ကြတယ်။ ဒီတိုက်ပွဲမှာ အဓိက CNF ရဲ့ AA အပေါ်သဘောထားကို ကွင်းကွင်း ပြလိုက်တာပါ။

CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက ဒေသအခြေစိုက် ခိုနူမ်းသုန် သတင်းဌာနနဲ့ ဇွန် ၁၉ ရက်နေ့ အင်တာဗျူးမှာ အဓိက မတူပီ မြို့သိမ်းတိုက်ပွဲမှာ AA ပါနေတာကို လုံးဝ မနှစ်သက်ကြောင်း ပြောပါတယ်။

“ပြည်သူတွေအနေနဲ့ တရားခံက ဘယ်သူလဲဆိုတာကို သိဖို့၊ စိစစ်ဖို့ လိုလိမ့်မယ်။ အဓိကတော့ ချင်းညီနောင်က  AA ကို သွားခေါ်ကြတယ်။ အဲဒါ ပထမဆုံးအမှား၊ ကျနော်တို့ CNA အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ချင်းပြည်ကို ကောင်းကောင်း သိမ်းနိုင်တယ်။ AA အနေနဲ့ ရခိုင်က စစ်ကောင်စီစခန်းတွေ မသိမ်းနိုင်သေးတာ အများကြီး။ ဆိုတော့ တပ်ကို ပြန်ရုတ်သိမ်းပြီးတော့မှ ရခိုင်မှာ စစ်ခွေးတွေ ကင်းစင်အောင်သွားလုပ်ပါ ” လို့ ဆလိုင်းထက်နီက ပြောခဲ့တာပါ။

ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်နဲ့ ခိုနူမ်းသုန်သတင်းဌာနရဲ့ ဇွန် ၂၀ နေ့ အင်တာဗျူးမှာတော့

“ချင်းပြည်မှာ ဘာကြောင့် AA ကို ခေါ်တာလဲဆိုတဲ့ မေးခွန်တွေနဲ့ ပြည်သူတွေကို အမုန်းပွားအောင် CNF ခေါင်း ဆောင်တွေ ကိုယ်တိုင် မှိုင်းတိုက်နေကြတာ ဝမ်းနည်းဖွယ် တွေ့နေရပါတယ်” လို့ဖြေရှင်း ချက်ပေးပါတယ်။

ဒါ့အပြင် ဆလိုင်းယောမာန်က“တော်လှန်ရေးကို ကျနော်တို့ တူမီးနဲ့ စခဲ့ကြပြီး KIA နဲ့ အခြား EAO တွေဆီ မှာ စစ်သင်တန်းနဲ့ လက်နက်ထောက်ပံ့ပေးဖို့ အကူအညီ တောင်းတဲ့အခါ CNF/ CNA တားမြစ်လို့ မရခဲ့ဘူး ။ NUG ကိုယ်တိုင်ကလည်း CNF နဲ့ MOU ထိုးထားတာကြောင့် အကူအညီ မပေးနိုင်တော့ အိမ်နီးချင်း မဟာမိတ် AA က စစ်သင်တန်း လက်နက်ခဲယမ်းကိုပါ ထောက်ပံ့ပေးခဲ့လို့ စစ်ရေး၊ နိုင်ငံရေးမှာ  ချင်းညီနောင် ရပ်တည်နိုင်ခဲ့တာ”လို့ ရှင်းပြပါတယ်။

ဒါ့အပြင် မတူပီတိုက်ပွဲအတွင်းCNF/CNA ရဲ့ လုပ်ရပ်ကို ချင်းဒေသခံအချို့ကလည်း မကျေနပ်ကြပါဘူး။ ချင်းလူမျိုး ဆလိုင်းမာန်ထွန်ဟာ က “  AA က တနိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ရေးရဲ့ အလှည့်အပြောင်းကို အဓိက ပါဝင်ခဲ့တယ်။ AA အနေနဲ့ CAN၊ CDFs တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိခဲ့ပါဘူး။ CNA နဲ့ CDFs တွေကတော့ မတူပီမြို့သိမ်း စစ်ဆင်ရေးအတွင်း CB နဲ့ AA ရဲ့ နောက်ကျောကို ဗြောင်ကျကျဝင်ပစ်ခဲ့ပြီ” လို့ သူရဲ့ လူမှုကွန် ရက်မှာ ရေးပါတယ်။

အိမ်ကြက်ချင်းပြိုင် ဘယ်သူနိုင်

ဒီကာလဟာ စစ်အာဏာရှင် အမြစ်ပြတ်ဖို့ နိုင်ငံအနှံ့ အရှိန်ဟုန်ထိုးစစ်တွေ ပြင်ဆင် တိုက်ခိုက်နေကြတာပါ။ ချင်း ပြည်မှာ ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာနှင့် တွန်းဇံမြို့တို့ကို CNA က သိမ်းပိုက်ထားပြီး ချင်းညီနောင်တပ်ဖွဲ့ကတော့ ကျင်ဒွေးနဲ့ မတူပီမြို့၊ AA ကတော့ ပလက်ဝမြို့ကို သိမ်းပိုက်ထားပါတယ်။

ဒါကြောင့် အခုအချိန်မှာ ချင်းတစ်ပြည်လုံး မြို့သိမ်းတိုက်ပွဲမှာ AA ကူညီပေးတာကို အမြင်မတူမှုတွေထက် နှောက် ယှက် တားဆီးမယ့် အကြံအစည် မရှိသင့်ဘူးလို့ ချင်းအသိုင်းဝိုင်းက ဝေဖန်နေကြတာပါ။ ချင်းနဲ့ အာရက္ခမျိုးနွယ်စု အားလုံးရဲ့ ဘုံရန်သူဟာ စစ်ကောင်စီဖြစ်ပြီး ဒီလို အချင်းချင်း ထိုးနှက်မှုတွေ ဆက်ရှိနေမယ်ဆိုရင် စစ်ကောင်စီ အ ကြိုက်တွေ့နေမယ်လို့ သုံးသပ်နေကြပါတယ်။

စစ်ရေး၊ နိုင်ငံရေး ပထဝီ ဆက်စပ်နေတဲ့ ချင်းပြည်နဲ့ အာရက္ခပြည်သူတွေဟာ ခိုင်မာတဲ့ မဟာမိတ် ဆက်ဆံရေး တွေနဲ့ စီးပွားရေး လူမှုရေး ကူးသန်းသွားလာပြီး  နှစ်ဘက် စလုံးက အကျိုးအမြတ်တွေ ရအောင် လုပ်သင့်ပါတယ်။ ဒီလို တစ်နိုင်ငံလုံး စစ်ဆင်ရေးကာလမှာ အာရက္ခဒေသသို့ ခက်ခက်ခဲခဲ ကုန်သွယ်နေကြတဲ့ လမ်းကြောင်းတွေကို အိန္ဒိယ လိုင်လူငယ်ဖြစ်ဖြစ်၊ CNF ကပဲ ဖြစ်ဖြစ် ပိတ်ပင်နေကြတာဟာ စစ်ကောင်စီ အမြတ်နဲ့ ပြည်သူအရှုံးသာ ဖြစ် တယ်လို့  နိုင်ငံရေး အကဲခတ်တို့က ဆိုပါတယ်။

“ချင်းတော်လှန်ရေးမှာ ချင်းညီနောင်အဖွဲ့ CDFs အချို့တွေဟာ CNF ရဲ့ လက်အောက်ခံ မဟုတ်ပေမဲ့ ရန်သူ မ ဟုတ်ဘူး။ ဒါ့အပြင် AA ဟာလည်း ဒီနေ့ထိ CNF ရဲ့ မိတ်ဆွေ မဖြစ်ရင်လည်း ရန်သူမဟုတ်တာတော့ သေချာ တယ်။ ဘာကြောင့်လဲ ဆိုရင် AA ခေါင်းဆောင်တွေဟာ ရန်နည်းပြီး မိတ်များဖို့ မူဝါဒကို ချမှတ်ထားတာ” ဟု ရခိုင်က နိုင်ငံရေး အကဲခတ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အာရက္ခပြည်ဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့ ကမ္ဘာ့ ဆက်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် အခုလို ပိတ်ဆို့ ထားမှုဟာလည်း ခဏလေးဖြစ်မှာပါ။ လေးမြို့၊ ကုလားတန် စတဲ့ မြစ်ကြောင်းတွေဟာ ချင်းပြည် ကနေ ရခိုင် ဘင်္ဂလားပင်လယ်အော်ကို ထွက်ပေါက် ရှိပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ချင်းလူမျိုးလူဦးရေ တစ်သိန်းကျော်ရှိနေပါတယ်။ ဒီလမ်းခရီးပိတ်ဆို့မှုကို ရခိုင်က ချင်း တွေလည်း သက်ရောက်ပြီး ပလက်ဝက ချင်း‌တွေလည်း နစ်နာပါတယ်။

အာရက္ခပြည်ဟာ ချင်းတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ရေကြောင်း၊ လေကြောင်း ပြည်ပ ထွက် ပေါက် လမ်းစဖြစ်သလို၊ အေးချမ်းစွာ အတူယှဉ်တွဲကာ အိမ်နီးချင်းကောင်း ညီအစ်ကိုတွေအဖြစ် တိုင်းပြည် သစ်ထူ ထောင်နိုင်ရေးကို အားစိုက်ဖို့ လိုအပ်ကြောင်း သုံးသပ်နေကြပါတယ်… ခင်ဗျား။

ဆောင်းပါးရှင် မာမဃသည် ရက္ခိုင့်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ တစ်ဦးဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေးဆောင်းပါးများကို ၁၀စုနှစ်တစ်ခုကြာ ရေးသားနေသူ တစ်ဦးလည်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။