AB News – နိုဝင်ဘာ ၂၈၊ ၂၀၂၄
ရက္ခိုင်ပြည်၊ သံတွဲ မြို့နယ်၊ နန်းချောင်းရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင် ၆ ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း AB News စုံစမ်းသိရှိရသည်။
ဒဏ်ရာရရှိသွားသူများမှာ သံတွဲမြို့ လသာရပ်ကွက်မှ နန်းချောင်းရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၁၇ နှစ်အရွယ် မောင်ခန့်ပိုင်၊ အသက် ၁၇ နှစ်အရွယ် အိမြင့်မြတ်ဖြိုး၊ အသက် ၅၀ နှစ်အရွယ် ဒေါ်ငယ်မှရီ၊ ဂျိတ္တောမှ စစ်ဘေးရှောင်နေသည့် အသက် ၇၁ နှစ်အရွယ် ဒေါ်ခင်မာဝင်း၊ အသက် ၂၄ နှစ်အရွယ် အောင်ခန့်ကျော်၊ အသက် ၅၈ နှစ်အရွယ် မောင်ရိုးသိန်းတို့အပါအဝင် နန်းချောင်းရွာမှ အသက် ၄၀ နှစ်အရွယ် ကျော်လင်းသူနှင့် အသက် ၁၇ နှစ်အရွယ် အေးသန္တာထွေးတို့ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် နန်းချောင်းရွာနှင့် လျှပ်စစ်ဓာတ်အားခွဲရုံဝန်းထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
“စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ နေရာ ၂ ခုကို ဗုံးကြဲတိုက်ခိုက်တယ်။ ၁ လုံးက ရွာထဲမှာ ကျရောက်ပေါက်ကွဲသွားတယ်။ နောက် ၁ လုံးက လျှပ်စစ်ဓာတ်အားခွဲရုံမှာ ကျရောက်ပေါက်ကွဲတယ်။ စစ်ဘေးရှောင်တွေနဲ့ ရွာသားတွေ ဒဏ်ရာရသွားပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီ ခွဲခန့်လောက်က စစ်ကောင်စီမှ သစ်ငုတ်တောင်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မရိုးဘေးရွာမှ စစ်ဘေးရှောင်နေသော အသက် ၁၆ နှစ်အရွယ်ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။
သံတွဲမြို့သည် အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ထားသည့် မြို့ဖြစ်ပြီး စစ်ကောင်စီ ကင်းစင်သောနယ်မြေ တစ်ခုလည်းဖြစ်သည်။
လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် နယ်မြေများသို့ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လာသည့်အတွက် ဒေသခံပြည်သူများလည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။