AB News-မတ် ၂၂၊ ၂၀၂၅
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မတ်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃) အရ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူရန် ILO အုပ်ချုပ်ရေးအဖွဲ့မှ ဆုံးဖြတ်ခြင်းဖြစ်ပြီး၊ ယင်းဆုံးဖြတ်ချက်ကို ဇွန်လ ၂ ရက်နေ့တွင် ကျင်းပမည့် ILO ညီလာခံတွင် တင်သွင်းအတည်ပြုသွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင်လည်း စစ်ကောင်စီသည် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများအပြင် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် (၈၇) နှင့် အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် (၂၉) များကို ချိုးဖောက်မှုများကြောင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃) အရ အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ILO သည် စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ နည်းပညာ၊ ငွေကြေးထောက်ပံ့မှုများကို ရပ်တန့်ထားကာ ၂၀၂၁ ခုနှစ်မှစ၍ ၎င်း၏ ညီလာခံများသို့ မြန်မာကိုယ်စားပြုအဖြစ် တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။
ILO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃) အရ စစ်ကောင်စီတပ် အရေးယူခံရပါက ILO အဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းခံရခြင်း၊ ကျူးလွန်သူများကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် စစ်ဆေးအရေးယူခံရခြင်းများ ဖြစ်ပေါ်နိုင်သည်။
ယခု ILO ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာပြည်အလုပ်သမားတပ်ပေါင်းစု (MLA) နှင့် အခြားသော အလုပ်သမားအဖွဲ့များမှ ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။
ယခင် ၂၀၀၀ ပြည့်နှစ်တွင်လည်း မြန်မာနိုင်ငံကို ILO ၏ ပုဒ်မ ၃၃ အရ အရေးယူခဲ့ဖူးပြီး၊ ထိုစဉ်က အာဏာသိမ်းထားသည့် စစ်ကောင်စီတပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်ခဲ့ဖူးသည်။