AB News – မတ်လ ၁၂၊ ၂၀၂၄
ရက္ခိုင်ပြည်၊ အမ်းမြို့နယ် တပ်တောင်မြို့အနီး ရေဘုတ်ရွာအနီးတောင်တန်းများကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း သတင်းရရှိသည်။
နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခြင်း အလျဥ်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီက ရွာအနီးတောင်တန်းများကို Jet Fighterများဖြင့် ယနေ့ မတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများမှာ ကြောက်လန့် ထွက်ပြေးခဲ့ရကြောင်း ပြောသည်။
ဒေသခံရွာသားများမှာ တိုက်ပွဲလည်း မမြင်ဖူး မကြားဖူးသည့်အတွက် လေယာဥ်လာသည်ကို မြင်ရရုံဖြင့် ကြောက်နေကြကြောင်း ရွာသားတစ်ဦးကပြောသည်။
” ဂျက်ဖိုက်တာက ၅ နာရီလောက်မှာ ရွာအထက်ကနေပြီး ပျံသွားတယ်။ အဲဒါနဲ့ ကြောက်ပြီး ပြေးသူပြေး ပုန်းသူပုန်းပဲ။ ဒီကလူတွေက ဒါမျိုးတွေ မမြင်ဖူးဘူးလေ။ ကျနော်တို့လည်းထွက်ပြေးခဲ့ရတယ်” ဟု ဆိုသည်။
Jet Fighter တိုက်လေယာဥ် အမျိုးအစားဖြစ်ပြီး ၃ ကြိမ်တိုင် လာရောက်ကာ ဗုံး ၁၀ လုံးကျော် ကြဲချ တိုက်ခိုက်ခဲ့ပြီး ရဟတ်ယာဥ်ပေါ်မှ စက်သေနတ်ဖြင့်ပါ အကြိမ်ရေများစွာ ပစ်ခတ်ခဲ့ကြောင်းလည်း ရွာသားများက ပြောသည်။
ပျက်စီးဆုံးရှုံးများနှင့် အရပ်သားပြည်သူများ ထိခိုက်မှု ရှိ မရှိကိုမူ အတည်ပြု ပြောနိုင်ခြင်းမရှိသေးဟု ရွာသား ၁ ဦးက AB News သို့ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ရက်နေ့၊ နံနက် ၁၁နာရီခန့် အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက အမ်းမြို့နယ် ပုလဲ၊ ဈေးတောင်ရပ်ကွက်၊အထက်တန်းကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်ခဲ့ရာ တပ်တောင်မြို့အထက်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ကျောင်းအဆောက်အဦးများနှင့် ခြံစည်းရိုးအုတ်နံရံများ ပျက်စီးခဲ့ရပြီး ဈေးတောင်ရပ်ကွက်အတွင်းသို့ ဗုံး၂လုံးထက်မနည်း ကျရောက်ခဲ့သည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော်ဝင်ရောက်တိုက်ခိုက်မည်ကိုစိုးရိမ်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရက္ခိုင်ပြည် အမ်းမြို့ကို ဆက်သွယ်ထားသည့် အမ်း-စစ်တွေ-၊ အမ်း-တပ်တောင်၊ အမ်း-တောင်ကုတ် လမ်းတံတားများကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဖျက်ဆီး ဖြတ်တောက်ထားပြီးဖြစ်သည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL