သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပစ်ရပ်ကာလအတွင်း နောင်ချို ဗုံးကြဲခံရ

AB News – ဧပြီ ၂၃၊ ၂၀၂၅

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီသည် ၎င်းတို့ကိုယ်တိုင် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေးကို တိုးမြှင့်ကြောင်း ကြေညာပြီးသည့်နေ့တွင်ပင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဧပြီ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

TNLA ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ ဧပြီ ၂၂ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့သည် နောင်ချိုမြို့နယ်အတွင်းရှိ အုမ္မတီးကျေးရွာသို့ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်၍ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် အရပ်သားပြည်သူများ နေထိုင်ရာ နေအိမ်များကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူလူထု၏ နေအိမ် ၅ လုံးမှာ ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း TNLA က ဆိုသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင်ပင် စစ်ကောင်စီသည် အင်အားပြင်းထန်သော ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သော ပြည်သူများအပေါ် စာနာထောက်ထားသည့်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၂၁ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ်အတွင်းရှိ တောင်ခမ်းကျေးရွာအနီးရှိ ၉၀၂ တပ်စခန်းအနီး၌ တိုက်ပွဲများ ဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့သည် အဆိပ်ငွေ့ဗုံး ၁၅ လုံးအထိ လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။ ယင်းအဆိပ်ငွေ့ဗုံး တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သည်ကြောင်း သိရသည်။

အဆိပ်ငွေ့ဗုံးကြောင့် ဒဏ်ရာရရှိခဲ့သော TNLA တပ်ဖွဲ့ဝင်များသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှားမြန်ဆန်ခြင်း၊ မောပန်းခြင်းများနှင့် ခန္ဓာကိုယ်တွင်း အောက်စီဂျင်ဓာတ် ကျဆင်းခြင်း စသည့် ဝေဒနာများကို ခံစားနေရပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်းလည်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ