![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2025/02/image-3.png?resize=650%2C285&ssl=1)
AB News – နိုဝင်ဘာ ၃၀ ၊ ၂၀၂၄
ရက္ခိုင်ပြည် ၊ မောင်တောမြို့ ၊ ကညင်တန်းရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ် ၃ ဆောင်မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ ၊ နံနက် ၁၀ နာရီ ၅၈ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း နခခ ၅ မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် မောင်တောမြို့ ကညင်တန်းရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပြည်သူပိုင်နေအိမ် ၃ ဆောင်မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
“စစ်ပွဲကတေ့ာ နေ့တိုင်းလိုလိုဖြစ်နေတာဘဲ။ စစ်တပ်ကလည်း နေ့တိုင်းနီးပါး ဂျက်တိုက်လေယာဥ်နဲ့လာပြီး ဗုံးချတယ်၊ လက်နက်ကြီးတွေပစ်တယ်။ ဘယ်နေရာမှာ ပေါက်ကွဲမှန်းလည်းမသိဘူး ။ မနေ့က ပစ်တဲ့လက်နက်ကြီးကျည်တေ့ာ ကညင်တန်းရပ်ကွက်မှာ ပေါက်ကွဲလို့ နေအိမ်တွေမီးလောင်ပျက်စီးသွားတယ်လို့ပြောကြတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း ၃ နာရီခွဲမှ ၇ နာရီအထိ အကြမ်းဖက်စစ်ကောင်စီသည် မောင်တောမြို့၊ကညင်တန်းရပ်ကွက်ရှိ CFSI ရုံးအား အကြိမ်ကြိမ်လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် CFSI ရုံးနှင့် အနီးဝန်းကျင်ရှိ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ရသည်။
အကြမ်းဖက်စစ်ကောင်စီသည် မောင်တောမြို့တွင် တခုတည်းကျန်ရှိခဲ့သည့် နခခ ၅ တပ်ရင်းကို လက်မလွှတ်ရရေးအတွက် ကြည်း ရေ လေ တပ်အင်အား အသုံးပြုပြီး တိုက်ခိုက်လျှက်ရှိသည်။
လက်ရှိ မောင်တောတွင် တစ်ခုတည်းကျန်ရှိခဲ့သည့် စစ်ကောင်စီလက်ကျန်စခန်းဖြစ်သည့် နခခ ၅ တိုက်ပွဲမှာ အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျှက်ရှိကြောင်း သိရှိရသည်။