သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အ​ကြမ်းဖက်စစ်ကောင်စီက မကွေးတိုင်း၊ စလင်း​မြို့နယ်ရှိ ရွာ ၂ ရွာကို မီးရှို့ဖျက်စီး

AB News-မတ် ၁၃၊ ၂၀၂၅

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျပင်း မြောက်ရွာနှင့် နေပူခံရွာမှ နေအိမ်များကို  အ​ကြမ်းဖက်စစ်ကောင်စီက မတ်လ ၁၂ ရက်နေ့ ညနေပိုင်းမှစပြီး မီးရှို့ဖျက်ဆီးနေခဲ့ကြောင်း သိရသည်။

ယခု မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းအထိ အိမ်ခြေတစ်ရာကျော်ရှိသည့် နေပူခံရွာတွင် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ပြီး ကျပင်း မြောက်ရွာတွင် မီးလောင်သွားသည့် နေအိမ် အရေအတွက်မှာ အတိအကျမသိရသေးကြောင်း သိရသည်။

“နေပူခံရွာတော့ တစ်ရွာလုံး ပြာကျသွားပြီ။ ကျပင်းရွာမှာတော့ အဲ့လောက်မဆိုးသေးဘူး။ ကျပင်းရွာမှာ စစ်တပ်က တပ်စွဲထားတော့ ရွာနားကို ကပ်လို့မရဘူး။ ကျပင်းနဲ့ နေပူခံက ခြံစည်းရိုးပဲ ခြားတဲ့ ရွာတွေ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်အားနှစ်ရာခန့်ရှိသော စစ်ကောင်စီတပ်သည် ကျပင်း တောင်ရွာ မယ်နံ့သာကုန်း၊ ကျပင်း မြောက်ရွာ ကြက်ရိုးတောင်ကုန်းနှင့် ၎င်းရွာနှစ်ရွာ ကြားရှိ ကျပင်း အ.ထ.က (ခွဲ) စာသင်ကျောင်းတွင် တပ်စွဲထားကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်၏ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စလင်း-ဆိပ်ဖြူ ကားလမ်းပေါ်ရှိ ရွာများတွင် စစ်ကြောင်းထိုးသည်နှင့် တပ်စွဲနေထိုင်ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်မှုများ ရှိနေသဖြင့် လူရှစ်ထောင်ခန့် ရပ်ရွာမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Data for Myanmar ၏ မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းလေးနှစ်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နေအိမ်ပေါင်း တစ်သိန်းတစ်သောင်းကျော် (၁၁၃,၁၀၄ လုံး) ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ