
AB News – ဒီဇင်ဘာ ၁၈ ၊ ၂၀၂၄
ရက္ခိုင်ပြည် ၊ သံတွဲမြို့ ၊ အမှတ် ၆ ရပ်ကွက် ၊ မေတ္တာမွန်ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သက်ကြီးပိုင်းအမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ ဆောင်ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
ယမန်နေ့၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ၊ နေ့လည် ၁၂ နာရီ၃၆ မိနစ်အချိန်တွင် သံတွဲမြို့ ၊ (၆) ရပ်ကွက် ၊ မေတ္တာမွန်ပုဂ္ဂလိကဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် သက်ကြီးပိုင်းအမျိုးသမီး (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
“နေ့လည် (၁၂) နာရီခွဲလောက်မှာ ဂျက်က ဝုန်းခနဲ့လာတာနဲ့တပြိုင်နက်တည်း ဗုံး(၂ )လုံးကြဲချတိုက်ခိုက်တာ ။ မိန်းမကြီးတစ်ယောက်ဒဏ်ရာရသွားတယ်။ လူတွေလည်း တော်တော်လန့်သွားကြတယ်” ဟုဆိုသည်။
ဒဏ်ရာရရှိသွားသူမှာ (၆ ) ဗောဓိကုန်းရပ်ကွက်မှ အသက်( ၅၀) နှစ်အရွယ် ဒေါ်ခင်မေရီဖြစ်သည်။ ၎င်း၏ မျက်လုံးတွင် ဗုံးစထိမှန် ဒဏ်ရာရရှိသွားပြီး ၊ ယခုအချိန်တွင် နီးစပ်ရာဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်းသိရှိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူပိုင်နေအိမ် ၇ ဆောင်လည်းပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ ၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် သံတွဲမြို့၊ လသာရက်ကွက်မှ နန်းချောင်းရွာနှင့် လျှပ်စစ်ဓာတ်အားခွဲရုံးခြံဝန်းထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်( ၆) ဦးအပါအဝင်( ၈) ဦးဒဏ်ရာရရှိခဲ့သည်။