AB News – ဒီဇာင်ဘာ ၂၁၊ ၂၀၂၄
ရက္ခိုင်ပြည်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ည ၁၁ ကျော်အချိန်တွင် ဂျက်ဖိုက်တာဖြင့် လာရောက်ကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သူများမှာ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်မှ အဖ ဦးမောင်သိန်း၏ သမီး ဒေါ်အုန်းမြင့် (၈၅)နှစ်၊ အဖ ဦးတင်ဖေ၏ သမီး ဒေါ်တင်တင်ချို (၅၅) နှစ်နှင့် အဖ ဦးထွန်းအောင်၏ သား ဦးရဲအောင် (၆၃)နှစ် တို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် သံတွမြို့ကို နှစ်ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“လေကြောင်း တိုက်ခိုက်မှု ၂ကြိမ် ရှိခဲ့ပါတယ်။ ည ၁၁ နာရီ ၁၄ မိနစ်မှာ ၁ကြိမ်နဲ့ နောက် ည ၁၁ နာရီ ၂၀ မိနစ်မှာ ၁ကြိမ်ပါ။ သက်ကြီးပိုင်း အရွယ် မြို့ခံ ၃ဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမြို့ပေါ်မှ အမှတ် ၄ ရပ်ကွက်၊ ဗိုလ်ကုန်းရှိ မြီစာရင်းရုံးနှင့် အမှတ် ၁ ရပ်ကွက်မှ လူနေအိမ် ၂လုံးလည်း ပျက်စီးခဲ့ရသည်။
ရက္ခိုင်ပြည် ၊ သံတွဲမြို့ ၊ အမှတ် ၆ ရပ်ကွက် ၊ မေတ္တာမွန်ပုဂ္ဂလိကဆေးရုံကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သက်ကြီးပိုင်းအမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ ဆောင်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ ၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် သံတွဲမြို့၊ လသာရက်ကွက်မှ နန်းချောင်းရွာနှင့် လျှပ်စစ်ဓာတ်အားခွဲရုံးခြံဝန်းထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်( ၆) ဦးအပါအဝင်( ၈) ဦးဒဏ်ရာရရှိခဲ့သည်။