
AB News – ဇူလိုင် ၁၅ ၊ ၂၀၂၅
ချန်ဒြာ
တအာင်းပြည်၊ TNLA ထိမ်းချုပ်နယ်မြေ သီပေါမြို့ကို စစ်ကောင်စီက ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်တွက် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၅ နာရီ၊ ၅၇ မိနစ်အချိန်တွင် စစ်ကောင်စီလေတပ်က သီပေါမြို့၊ တောင်မြိုင်ရပ်ကွက်ကို ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။ ထို့ပြင် နေအိမ် ၅ လုံးခန့် ဗုံးစထိမှန်၍ ပျက်စီးသွားခဲ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း TNLA ထိမ်းချုပ်နယ်မြေ မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြာင်းမှ ဗုံးကြဲတိုက်ခိုက်ခဲသောကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ရသည်။
အလားတူ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အတွင်း TNLA ထိမ်းချုပ်နေမြေကို လေကြောင်းမှ ဗုံး ၁၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည့်တွက် ကလေးငယ်အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ရပြီး ပြည်သူ ၄၃ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။