AB News – ဧပြီ ၁၃၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်၊ နံနက် ၉ နာရီ၊ ၂၇ မိနစ်အချိန်တွင် ဂျက်တိုက်လေယာဥ်ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်မပြည့်သည့် ကလေး ၁ဦးအပါအဝင် ပြည်သူ ၁ဦးထိခိုက်ပြီး လူနေအိမ် ၁၀ ကျော် ပျက်စီးခဲ့ရသည်။
ဒဏ်ရာရရှိခဲ့သူများမှာ ဦးလှအေးမောင်၏သမီး မ ချစ်နှင်းဝေ (၁၀)နှစ် နှင့် ဦးခင်မောင်လှ၏ သမီး မဦးသန်းမေ (၂၂)နှစ် တို့ဖြစ်သည်။
ပြည်သူများနေထိုင်သည့် ရပ်ကွက်ကို ဗုံးလာကြဲခြင်းသည် လက်နက်အားကိုးဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်ဖြစ်ကြောင်း ပျက်စီးသွားသည့် အိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ခုလို ပြည်သူတွေကို ပစ်မှတ်ထား ပစ်တာက တော်တော် အောက်တန်းကျပါတယ်။ ကျနော်တို့မှာ ဘာမှ မကျန်တော့ဘူး။ အကုန်လုံး ပျက်စီးသွားပြီ။ လူကသာ မသေတာပါ။ စိတ်က သေသွားပါပြီ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီ ဂျက်ဖိုက်တာမှ ကြဲချခဲ့သည့် ပေါင် ၅၀၀ ဗုံးသီး ၂လုံးသည် ကျောက်တော်မြို့ ၊ ကတ ၁ လမ်း၊ ရွာမ(တောင်ဖက်စု)တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ကလည်း ပေါက်တောမြို့ အနောက်ရဲ(မူဆလင်) ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးအလုံးရေ ၁၅ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး များစွာ ဒဏ်ရာရခဲ့ကြသည်။
စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့မှစ၍ ၃ ပတ်ကြာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများနေထိုင်သည့် နေရာများကို လက်နက်ကြီးပစ်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခြင်းများကို နေ့စဥ်ရက်ဆက် ပြုလုပ်နေသည်။