
AB News – ဇူလိုင် ၁၀၊ ၂၀၂၅
ချန်ဒြာ
မန္တလေးတိုင်း၊ TNLA ထိန်းချုပ်နယ်မြေဖြစ်သော မိုးကုတ်မြို့ကို ဝါဆိုလပြည့်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့၊ ဇူလိုင် ၉ ရက်၊ ည ၈ နာရီကျော်တွင် စစ်ကောင်စီသည် မိုးကုတ်မြို့၏ အရှေ့ဘက်ခြမ်းကို လေကြောင်းမှ ဗုံးကြဲခဲ့ပြီး မောင့်မိုးကုတ်ဟိုတယ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦးနှင့် လူကြီး ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတစ်လုံးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် နောင်ချိုမြို့၌ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များကြောင့် စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။