AB News – မတ်လ ၁၇၊ ၂၀၂၄
ရသေ့တောင်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၃ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်စဉ် စစ်မှုဌာန်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် သင်တန်းပေးထားသည့် ဘင်္ဂလီအချို့၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တပ်ရင်း (၃) ခုစလုံးအား ၂၀၂၄ ခုနှစ်၊ မတ်လ (၁၇) ရက်၊ ညနေ (၄) နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်” ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း ၃ ခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ဤစခန်းများအတွင်းမှ စစ်ကောင်စီတပ်အင်အား နှစ်ရာခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအားခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် စစ်သင်တန်းပေးထားသော ဘင်္ဂလီအချို့၏ အလောင်းများ၊ စစ်ကောင်စီ၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်” ဟု ဆိုသည်။
ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ ၁၅ လက်အောက်ခံ၊ ခမရ ၅၅၂ တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရက္ခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် အကြမ်းဖက်စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိသည်။
စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အပြစ်မဲ့အရပ်သားပြည်သူတို့၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL