Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် စေတီပြင်ရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်ရှောင်သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာရှိ စစ်ဘေးရှောင်စခန်းသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းစစ်ဘေးရှောင် ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ရွာမှ အသက် ၆၉ နှစ်အရွယ် စစ်ဘေးရှောင် ဦးမောင်အေးချမ်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ  ဦးအောင်ကျော်စိန်၊ ဦးကျော်စိုးသန်း၊ ကိုလင်းချေ၊ ဦးဖြူသာဦး ဒေါ်သိန်းသိန်းညွှန့် နှင့် မောင်မျိုးမင်းခန့်တို့ဖြစ်သည်။

ယနေ့ မေလ ၂၁ရက်၊ နံနက် ၆ နာရီကျော်တွင် မောင်တောမြို့နယ် သဝင်ချောင်းရွာအနီးရှိ ပင်လယ်တွင် ကျောက်ချ ရပ်နားထားသည့် အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ်နေဗီမှ လက်နက်ကြီး ၃ လုံး စေတီပြင်ရွာသို့ ပစ်ခတ်ခဲ့ရာ ရွာထဲရှိ စစ်ဘေးရှောင်စခန်းနှင့် နေအိမ်များတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ရေတပ်က လက်နက်ကြီး ၃ လုံးပစ်ခတ်တယ်။ စေတီပြင်စခန်းမှာ ၁ လုံးပေါက်ကွဲပြီး ၁ ဦးသေသွားတယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့သူလည်းရှိပါတယ်။ ရွာထဲမှာ ၂ လုံးပေါက်ကွဲသွားတယ်” ဟုဆိုသည်။

သေဆုံးသွားသူ ဦးမောင်အေးချမ်း၏ ခြေထောက် ၂ ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၂၁ရက်၊ နံနက် ၃နာရီ၊ ၄၀ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့က မောင်တောမြို့နယ်မှ ကျေးရွာ ၃ရွာသို့  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

အလားတူ ယနေ့ မေလ ၂၁ရက်၊ ညနေ ၄နာရီ၊ ၄၆မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ပလက်ဝဒေသအတွင်းရှိ တရွန်အိုင်ရွာသို့ တိုက်လေယာဉ်ဖြင့် ၃ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၂ဦး သေဆုံးပြီး ၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် ထိမ်းချုပ်ဒေသများရှိ စစ်ဘေးရှောင်များ စုဝေးရာနေရာများ၊ ဆေးရုံ၊ ဆေးခန်းများ၊ သာသနိကအဆောက်အဦးများနှင့် လူနေ ရပ်ကွက်၊ ရွာများက စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အဆက်မပြတ် တိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူများမှ အသက်အန္တရာယ်ဖြင့် နေ့စဥ်ရင်ဆိုင်ရလက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ