Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့နယ်မှ အမျိုးသမီး ၁ ဦး စစ်ကောင်စီရေတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်ထိ၍ ပွဲချင်းပြီးသေဆုံး

ရမ်းဗြဲမြို့နယ်မှ အမျိုးသမီး ၁ ဦး စစ်ကောင်စီ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ရမ်းဗြဲမြို့နယ် ၊ ရွာသာယာရွာမှ အသက် ၄၅ နှစ်ရွယ် ဒေါ်အေးသန်းမြ ဖြစ်သည်။

ယနေ့ ဧပြီလ ၁၀ ရက်၊ နံနက် ၇ နာရီကျော်၌ မာန်အောင်- ရမ်းဗြဲရေလက်ကြားတွင် ကျောက်ချရပ်နားထားသည့် စစ်ကောင်စီရေတပ်နေဗီမှ လက်နက်ကြီး များဖြင့် သံတွဲ နှင့် ရမ်းဗြဲမြို့နယ်များသို့ လှမ်းပစ်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည် ၁ လုံးသည် ရမ်းဗြဲမြို့နယ် သို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး သေဆုံးသွားသည့် အမျိုးသမီး

ဒီနေ့ မနက် ၇ နာရီကျော်လောက်ကစပစ်ပါတယ်။ သံတွဲဖက်ကိုလည်းပစ်တယ်။ ရမ်းဗြဲဖက်ကိုလည်း ပစ်တာပါ။ ရမ်းဗြဲမြို့နယ်မှာ ၁ လုံးကျရောက်ပေါက်ကွဲ ပြီး အမျိုးသမီး ၁ ဦးသေဆုံးသွားတယ် ဟု

ရမ်းဗြဲဒေသခံတစ်ဦးကဆိုသည်။

ထို့အပြင် ယနေ့မနက်တွင် သံတွဲ- တောင်ကုတ်ရေလက်ကြားတွင်ရှိသည့် စစ်ကောင်စီရေတပ်နေဗီမှလည်း ခမောင်းတုန်းရွာဖက်သို့ လှမ်းပစ်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ယမန်နေ့ဧပြီလ ၉ ရက်နေ့တွင် လည်း စစ်ကောင်စီက သံတွဲ နှင့် အမ်းမြို့နယ်များသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အမ်းမြို့နယ် ကြောင်ဖြူကွင်းရွာမှအသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦး ကျည်ထိသေဆုံးကာ ဆယ်ကျော်သက်လူငယ် ၁ ဦးဒဏ်ရာရရှိခဲ့ပြီး အိမ် ၂ ဆောင်ပျက်စီး ခဲ့ရသည်။

ယမန်နေ့ ဧပြီ ၉ ရက်နေ့ ညနေ ၉ နာရီက အမ်း နပခ တိုင်း ၃၇၃ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ ဒိုင်ကလေးရွာမှ ရွာသား ၄ ဦး ဒဏ်ရာရသွားကြောင်းလည်း သိရသည်။ အသေးစိတ်အချက်အလက်များကို ABN က အတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူနေရပ်ရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ နေ့စဥ်ရက်ဆက် သေဆုံးလျက်ရှိလာကြောင်း တွေ့ရသည်။

#ABN #ရမ်းဗြဲ #ရက္ခိုင်စစ်ရေးသတင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ