AB News – မတ် ၂၁၊ ၂၀၂၅
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် မတ်လ ၁၈ ရက်နေ့၊ နံနက်အစောပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၁ စီးသည် မြို့၏ သမိုင်းဝင် သကျမာရ်အောင်ဘုရားအနီးရှိ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကို ပဒေသာဗုံး၊ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။
ဒေသခံများ၏ အဆိုအရ တိုက်ခိုက်မှုသည် နံနက် ၁ နာရီ ၅၄ မိနစ်မှ ၂ နာရီ ၄ မိနစ်အထိ ဖြစ်ပွားခဲ့ပြီး၊ Cluster (ပဒေသာဗုံး) ၁၀ လုံးတွဲတစ်လုံးနှင့် မီးလောင်ဗုံးတစ်လုံး၊ Cluster (ပဒေသာဗုံး) ၁၀ လုံးတွဲတစ်လုံး နှစ်ကြိမ်တိုင်တိုင် ဗုံးသီး ၂၁ လုံးအထိ ကြဲချခဲ့ကြောင်း သိရသည်။
“ဗုံးသံတွေက အရမ်းကျယ်လောင်ပြီး အိမ်တွေတုန်ခါသွားတယ်။ ကျနော်တို့ အိပ်ရာကနေ ထပြီး ဘေးလွတ်ရာကို ပြေးကြရတယ်။ ဗုံးတွေက ဘုရားအနီးမှာ ကျတာပါ။ ၂ ယောက် ဒဏ်ရာရသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးနှင့်အတူ ကျွဲ ၂ ကောင်လည်း ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မပေါက်ကွဲသေးသော ဗုံးသီးအချို့လည်း ကျန်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။