
AB News – ဒီဇင်ဘာ ၁၊ ၂၀၂၅
ဒေဝီ
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်၊ မင်းလက်ပံကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်နှင့် KNLA တပ်တို့၏ တိုက်ပွဲများအတွင်း ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် မဲဆောက်မြို့တွင် ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် မြန်မာရွေ့ပြောင်း နေထိုင်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် နယ်စပ်အတွင်းသို့ မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် ၆၀ မမ လက်နက်ကြီးကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ မြန်မာရွေ့ပြောင်းနေထိုင်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။
“ထိုင်း-မြန်မာနယ်စပ်က အာဏာသိမ်း စကမနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကနေ ထိုင်းဘက်ကို လက်နက်ကြီးကျတာ။ နယ်စပ်မှာဆိုတော့ မြန်မာလုပ်သားတွေ ထိခိုက်သွားတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ အဲ့ဒီ့လက်နက်ကြီးကျလို့ ထိုင်းဘက်က ၁၂၀ မီလီမီတာ စိန်ပြောင်းနဲ့ တိုက်ပွဲဖြစ်တဲ့ဘက်ကို သတိပေး ပစ်ခတ်ခဲ့တယ်” ဟု ထိုင်း-မြန်မာ နယ်စပ်သတင်းရင်းမြစ်များက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီမြို့နယ်ရှိ မင်းလက်ပံကျေးရွာသည် ထိုင်းနိုင်ငံနှင့် သောင်ရင်းမြစ်သာခြားပြီး ၎င်းနေရာများကို KNU သိမ်းပိုက်ထားပြီး စုံစမ်းစစ်ဆေးရေးများလုပ်ဆောင်နေသည့် ကျားဖြန့် အလုပ်ရုံနှင့် ခြံဝင်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် စကမ က အပြင်းအထန် အရှိန်အဟုန်မြှင့်ကာ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။