AB News – မတ် ၂၊ ၂၀၂၅
မောင်တော တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ရဟန်း ၃ ပါး ပျံလွန်တော်မူပြီဟု ယူဆ၍ ကျောင်းထိုင်ဆရာတော်များက ယနေ့ ၊ မတ်လ ၂ ရက်နေ့ ၊ နံနက် ၉ နာရီ ကျော်တွင် ရည်စူးကုသိုလ် ပြုလုပ်ခဲ့ကြောင်း AB News ကတွေ့ရှိရသည်။
မောင်တောမြို့ပြင်တွင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အချိန်တွင် မောင်တောမြို့ ၄ မိုင်၊ သာယာကုန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်နှင့် ရဟန်း ၁ ပါးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။ ၎င်းတို့နှင့်အတူ ဒေသခံရွာသား ( ၇ )ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။
မောင်တော ၄ မိုင် သာယာကုန်းကျေးရွာမှ သက်တော် ၃၅ နှစ်ဝန်းကျင် ကျောင်းထိုင်ဆရာတော် ဦးသုန္ဒရနှင့် သက်တော် ၃၅ နှစ်ဝန်းကျင် ရဟန်း ဦးဉာဏဝံသတို့ဖြစ်သည်။
ထပ်မံ၍ ၂၀၂၄ ခုနှစ် သြဂုတ်လ မောင်တောမြို့ မြို့ပြင်တိုက်ပွဲအတွင်း မောင်တောမြို့ ၃ မိုင်ကျောင်းမှ သက်တော် ၃၅ နှစ်ဝန်းကျင် ရဟန်း ဦးခန္ဓီသည်လည်း စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
သာယာကုန်းဆရာတော်သည် တိုက်ပွဲဖြစ်နေစဥ်အတွင်း ဘုန်းကြီးကျောင်းဆောင်၏ အိမ်သာ၌ ပုန်းခိုနေစဥ် စစ်ကောင်စီတပ်သားများက လက်နက်များဖြင့် ဝင်ရောက်ဖမ်းဆီး သွားခဲ့ကြောင်း ဒေသခံများပြော ပြချက်အရသိရသည်။
၎င်းတို့ကို စစ်ကောင်စီက မောင်တောမြို့ နခခ ၅ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ အကြမ်းဖက် အာဆာထံကို လက်လွှဲပေးခဲ့ကြောင်း ဒေသခံတချို့၏ ပြောကြားချက်အရ သိရသည်။
ယခုအချိန်တွင် အာရက္ခတပ်တော် (AA) က မောင်တောမြို့ နခခ ၅ တပ်ရင်းကို သိမ်းပိုက်ထားပြီဖြစ်သော်လည်း တပ်စခန်းမှ လွတ်မြောက်လာသူများထဲတွင် ထိုဆရာတော်များ မပါဝင်ခဲ့ကြောင်း ဆရာတော် တစ်ပါးမှ AB News သို့ မိန့်ကြားသည်။
“မြို့ပြင်တိုက်ပွဲအတွင်းမှာ ဖမ်းဆီးခံခဲ့ရတာ။ ဆရာတော် ၁ ပါးနဲ့ ရဟန်း ၂ ပါးပါတယ်။ အဲဒီအချိန်တုန်းက စစ်ကောင်စီ တပ်သားတွေက နခခ ၅ တပ်ရင်းထဲကို ခေါ်သွားခဲ့တယ်လို့ သိရတယ်။ ပြီးတော့ အကြမ်းဖက် အာဆာသမားတွေကို မင်းတို့ လုပ်ချင်လုပ်ဆိုပြီး ပြောတယ်လို့လည်း လွတ်မြောက်လာသူ တချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်၊ ဆရာတော်လည်း အရမ်းထိတ်လန့်သွားတယ် ” ဟု မိန့်ဆိုသည်။
မောင်တောမြို့ နခခ ၅ တပ်ရင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က Arakan Bay News သတင်းဌာနမှ သတင်းထောက်များ ဝင်ရောက်လေ့လာခဲ့သည်။
လက်နက်ခဲယမ်းများထားသည့် အဆောင်တွင် သင်္ကန်းများနှင့် ရဟန်းယပ်တောင်ကို တွေ့ရှိခဲ့ရသည်။
ယနေ့ မတ်လ ၂ ရက်နေ့တွင် စစ်ကောင်စီဖမ်းဆီးခံခဲ့ရသည့် ၃ မိုင်ကျောင်းမှ ရဟန်း ဦးခန္ဓီကို ရည်စူးပြီး ၃ မိုင်ကျောင်း ဆရာတော်ကြီးမှ ဆွမ်းကျွေးအလှူပေးခဲ့သည်။
စစ်ကောင်စီက မောင်တောမြို့တိုက်ပွဲအတွင်း ဒေသခံပြည်သူအများအပြားကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယခုတွင် နခခ ၅ တပ်ရင်းမှ ဒေသခံပြည်သူ ၅ ဦးခန့်သာ လွတ်မြောက်လာကြောင်း သိရသည်။