AB News -ဒီဇင်ဘာ ၁၉၊၂၀၂၄
မောင်တောနယ်တွင် ဆယ်ကျော်သက်အရွယ် ၂ ဦးသည် ငါးရှာပြီးပြန်လာစဥ် အကြမ်းဖက်စစ်ကောင်စီနေဗီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း AB News က ကွင်းဆင်းတွေ့ရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅နာရီခွဲခန့်တွင် မောင်ဇော်လင်းဟိန်းနှင့် မောင်အောင်မင်းဟိန်းတို့ အပါအဝင်သူငယ်ချင်း ၅ ဦးသည် ငါရှာပြီးရွာသို့ အပြန်လမ်း၌ ဘင်္ဂလားပင်လယ်အော်ထဲ (ကျောက်ပန္ဒူ) အနီးရှိနေသော အကြမ်းဖက်စစ်ကောင်စီနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည် ၁လုံး ဥဒေါင်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လူငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက AB News သို့ပြောသည်။
” သူတို့သူငယ်ချင်း ၅ ယောက် ငါးရှာပြီးအိမ်ပြန်လာကြပါတယ်။ ရွာအနီးရောက်ခါနီးမှာ စစ်ကောင်စီကနေဗီပစ်ခတ်တာနဲ့ သူတို့ရဲ့ နောက်မှာ ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရသွားတယ်။ ၂ ယောက်က လက်နက်ကျည်စထိမှန်သွားပါတယ်။ ကျန် ၃ ယောက်ကတော့ ပြေးလို့ လွတ်မြောက်သွားတယ်” ဟုဆိုသည်။
ဒဏ်ရာရရှိသွားသူများမှာ ဦးဖြူသီးအောင်၏သား အသက် ၁၃ နှစ်အရွယ် မောင်ဇော်လင်းဟိန်းနှင့် ဦးမောင်ကျော်၏သား အသက် ၁၄နှစ်အရွယ် မောင်အောင်မင်းဟိန်းတို့ဖြစ်ကြသည်။
ဒဏ်ရာရရှိခဲ့သည်မှာ မောင်ဇော်လင်းဟိန်း၏ ညာဖက်တင်တွင် ဖောက်ဝင်သည့် ဒဏ်ရာတစ်ချက်နှင့် ညာဖက် နားရွက်အောက် ပွန်းပဲ့ဒဏ်ရာတစ်ချက်တို့ဖြစ်၍ မောင်အောင်မင်းဟိန်း၏ ညာဖက်ပေါင်တွင် ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့သည်ဟုသိရသည်။
အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့ ၊ နံနက်ပိုင်းအချိန်ကလည်း ကျောက်ပန္ဒူအနီးတွင်ရှိသော စစ်ကောင်စီနေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရွှေဇားကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်အချို့မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် မောင်တောမြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိသည့်အပြင် ကင်းထောက်ဒရုန်းများဖြင့် ကင်းထောက်လျက်ရှိရာ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။