Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အမျိုးသား ၁ဦးသေဆုံးပြီး ကျောင်းသူတစ်ဦး ဒဏ်ရာရ

AB News – နိုဝင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သောလက်နက်ကြီးကျည်စ ထိမှန်၍ အမျိုးသား ၁ဦး သေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံးစမ်းသိရှိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် စစ်ကောင်စီတပ် မောရဝတီဗျူဟာကုန်းမှ ​ပစ်ခတ်သောလက်နက်ကြီးကျည် ထိမှန်၍ ကိုင်းကြီး(ရက္ခိုင်)ကျေးရွာမှ အဖ ဦးသာစိန်၏သား ဦးနေဝင်း ၆၇နှစ် သေဆုံးခဲ့ကြောင်း ကိုင်းကြီးကျေးရွာသား ၁ဦးက ပြောသည်။

“မနေ့က မနက် ၁၀ နာရီမှာ မောရဝတီဗျူဟာကုန်းက လက်နက်ကြီးတွေ စပစ်တယ်။ လက်နက်ကြီး ၁လုံးဟာ ကျနော်တို့ ကိုင်းကြီးရွာမှာ ကျရောက်ပေါက်ကွဲတယ်။ ဦးနေဝင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်” ဟု ဆိုသည်။

ထို့အပြင် ယမန်နေ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၂၅ရက်၊ ညနေ ၆နာရီ၊ ၃၀မိနစ်တွင် မောင်တောမြိုနယ်၊ ​နခေါင်းတိုချောင်းဝအောက်ဘက် ပင်လယ်ပြင်ရှိ စစ်ကောင်စီ နေဗီမှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ မောင်တောမြို့နယ်၊ သရီကုန်ဘောင်ရွာမှ အဖ ဦးဝင်းဇော်၏သမီး မခိုင်နှင်းဝေ ၁၄နှစ်၏ ဘယ်ဘက်ခြေမျက်စိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ် မောရဝတီဗျူဟာကုန်းနှင့် နခေါင်းတိုချောင်းဝအောက်ဘက် ပင်လယ်ပြင်ရှိ စစ်ကောင်စီ နေဗီမှ လက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် သရီကုန်ဘောင်ရွာနှင့် ကိုင်းကြီးရွာ အနီးတစ်ဝိုက်မှ ကျေးရွာသားများမှာ စစ်ဘေးလွှတ်ရာကျေးရွာများသို့ ပြောင်းရွေ့ခိုလှုံနေရကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ