
AB News – သြဂုတ် ၁၆၊ ၂၀၂၅
နွယ်စိုး
တအာင်းပြည်နယ်၊ တပ်မဟာ (၄) နယ်မြေ၊ မိုးကုတ်မြိုအရှေ့ပိုင်းရှိ ဘုန်းကြီးကျောင်းတစ်ခုကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂၁ ဦး သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ် ၁၄ ရက် ၊ည ၈ နာရီခွဲခန့်တွင် စစ်ဘေးရှောင်များ ခိုလှုနေသော မိုးကုတ်မြို၊ အရှေ့ပိုင်းရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၁ ဦးအနက် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၅ ဦး ပါဝင်ကြောင်း TNLA က ဖော်ပြထားသည်။ ထိုပြင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ လုံးလည်း ဗုံးစထိမှန်ကာ ပျက်စီးသွားခဲ့သည်။
ယခုလအတွင်း စစ်ကောင်စီသည် PSLF/TNLA ထိန်းချုပ်နယ်မြေများဖြစ်သည့် မိုးကုတ်မြိုကို ၂ ကြိမ်၊ ကျောက်မဲမြိုနယ်ကို ၁ ကြိမ်၊ သီပေါမြိုကို ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။