သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် မိုင်းနင်းမိ၍ အမျိုးသား ၁ ဦး သေဆုံး

AB News – ဧပြီ ၁၄ ၊ ၂၀၂၅

ရက္ခိုင်ပြည် ၊ မင်းပြားမြို့နယ် ၊ ဖားပြိုကျေးရွာတွင် မိုင်းနင်းမိ၍ သက်ကြီးပိုင်းအရွယ် အမျိုးသား ၁ ဦးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

မိုင်းနင်းမိသူမှာ အဖ အောင်ကျော်စိုးနှင့် မိခင် ဒေါ်မကျော်သာ၏သား အသက် ၄၅ နှစ်အရွယ် ဦးထွန်းမြင့်ဖြစ်သည်။

ယမန်နေ့ ၊ နေ့လည် ၃ နာရီအချိန်ခန့်တွင် ထွန်းမြင့်သည် နွားကျောင်းရန် လယ်ကွင်းပြင်သို့ သွားစဥ် ထဟင်းခူးရာ၌ အကြမ်းဖက် စစ်ကောင်စီထောင်ထားခဲ့သည့် စစ်ကျန်မိုင်းအား နင်းမိ၍ ညာဘက်ခြေထောက် ပြတ်ထွက်သွားပြီး ၊ ဘယ်ဘက်ခြေထောက်နှင့် ညာဘက်လက် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရှိရသည်။

ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သော ဦးထွန်းမြင့်သည် နီးစပ်ရာဆေးခန်းတွင် ဆေးကုသမှုခံယူနေစဥ် ယမန်နေ့ည ၁၂ နာရီအချိန်တွင်သေဆုံးသွားခဲ့ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ ၁ ဦးက AB News သို့ပြောသည်။

”သူက မနေ့က နေ့လည်လောက်မှာ နွားကျောင်းဖို့သွားတာ။ အဲဒီမှာ နွားကျောင်းနေရင်း ညဘက်ဟင်းချက်ဖို့ သင်္ဘောညွှန့်ခူးနေချိန်မှာ မိုင်းနင်းမိတာ။ ညာဘက်ခြေထောက်ပြတ်ထွက်သွားတယ်၊ ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်လက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ဒဏ်ရာကပြင်းတော့ အဲ့ဒီနေ့ညဥ့်အချိန်မှာ ဆုံးသွားတယ် ” ဟု ဆိုသည်။

၎င်းကို ယနေ့ ၊ ညနေ ၄ နာရီအချိန်ခန့်တွင် ဖားပြိုသင်္ချီုင်း၌ မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

မတ်လ ၁၉ ရက်နေ့ ၊ နေ့လည် ၂ နာရီ ၅၅ မိနစ်ခန့်တွင်လည်း မင်းပြားမြို့၊ သပြေညိုရပ်ကွက်မှ ဒေါ်စံဝင်းမေသည် ယခင်စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့သော ကျိန်းတောင် တောင်ကြားသို့ မညှင်းချဉ်သီးသွားခူးရာ စစ်ကျန်မိုင်း ၁ လုံး နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွား​ကာ ခြေ ၁ ဘက်ပြတ်ထွက်သွားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း မင်းပြားမြို့၊ရွှေမင်းဂံရပ်ကွက်တွင် ဦးရဲနိုင်စိုး၏ နေအိမ်ခေါင်မိုးထက်၌ ရှိ​နေခဲ့သည့် စစ်ကျန်ဗုံးသီး ၁ လုံးသည် အောက်ကိုပြုတ်ကျခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အသက် ၁၄နှစ်အရွယ် မောင်အောင်မင်းဌေးမှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မင်းပြားမြို့၊ အောက်သာယာရပ်ကွက်မှ ဦးအောင်သာချေသည် ယခင် စစ်ကောင်စီ တပ်ရင်း ခမရ(၃၇၉)အနီးသို့ မျှစ်သွားချိုးစဥ် စစ်ကောင်စီထောင်ထားခဲ့သော မိုင်းကို နင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ