Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်၊ မြို့ခံ ၄ဦး ဒဏ်ရာပြင်းထန်စွာရ

AB News – မတ်လ ၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ ယမန်နေ့ မတ်လ ၁ရက်နေ့ ညဉ် ၁၁နာရီအချိန်တွင် မြို့ခံ ၄ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယမန်နေ့ မတ်လ ၁ ရက် ညဉ့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၁စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းပြားမြို့၊ ကင်းဆိပ်ရပ်ကွက်မှာ မြို့ခံ ၄ဦး ဒဏ်ရာရရှိခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကင်းဆိပ်ရပ်ကွက်မှ ဒေသခံ ၄ဦး ဒဏ်ရာရရှိခဲ့သည့် အပြင် လူနေအိမ်အချို့လည်း ပျက်စီးခဲ့ရကြောင်း မြို့ခံ ၁ဦးက ပြောကြားသည်။

“အဲ့ရပ်ကွက်ဟာ မနေ့က ညဉ့် ၁၁နာရီလောက်မှာ ဗုံးကြဲခံရတာ။ မြို့ခံ ၄ဦး ဒဏ်ရာရသွားတယ်။ မြို့အတွင်းမှာက တိုက်ပွဲတွေ ပြီးသွားတော့ အမျိုးသားတွေက အိမ်တွေကို စောင့်ပြီးနေကြတာ ရှိတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်” လို့ ဆိုသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦးမှာ မျက်လုံးကန်းသွားခဲ့ပြီး နောက် ၁ဦးတွင် ခြေ ၁ဖက် ပြတ်ထွက်သွားကြောင်း သိရသည်။

မင်းပြားမြို့၊ ကင်းဆိပ်ရပ်ကွက်အား စစ်ကောင်စီဂျက်တိုက်လေယာဉ်မှ ဗုံး ၅ လုံးထက်မနည်း ကြဲချပစ်ခ‌တ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ရပ်ကွက်မှ လူနေအိမ် ၅ဆောင် ပျက်စီးခဲ့ရပြီး နေအိမ် ၂ဆောင်ထက်မနည်း မီးလောင်ပြာကျခဲ့ရသည်။

ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် ကင်းဆိပ်ရပ်ကွက်မှ အမျိုးသား ၄ဦးမှာ ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၁ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် ၄ဆောင်ထက်မနည်း ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇နေ့၌ မင်းပြားမြို့နယ်၊ မင်းဖူးအရပ်ဘက်‌ဆေးရုံကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်မှုကြောင့် ၎င်းဆေးရုံပျက်စီးခဲ့ရကာ ‌ဆေးရုံဝန်ထမ်းများနှင့် စစ်ကောင်စီ၏ သုံ့ပန်းများနှင့် သုံ့ပန်းမိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

ယင်းနေ့ ဖေဖော်ဝါရီ ၂၇ရက်နေ့တွင်ပင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်၊ သေကံကျေးရွာမှ ရွာသား ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးထားသည့် နေရာ မြို့ရွာများအား လေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ