Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် အကြမ်းဖက်အဖွဲ့ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁ နှစ်ကျော်ကလေးငယ် ၁ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦးထိတိုးလာ

AB News – နိုဝင်ဘာ ၃၀၊ ၂၀၂၃

ရက္ခိုင်ပြည် မင်းပြားမြို့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ တိုင်းဗဟို ၉ မှ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် အိုးပုံတောင်ရွာသို့ ကျရောက်ပေါက်ကွဲ ပြီး ထိခိုက်ဒဏ်ရာရရှိသူရွာသား ၉ ဦးထိ တိုးလာကြောင်း AB News မှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ယမန်နေ့နိုဝင်ဘာ ည ၇ နာရီခန့်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် အိုးပုံတောင်ရွာထဲသို့ ၂ လုံးကျရောက်ပြီး ပြင်းထန် ဒဏ်ရာရသူ ကလေးငယ် ၂ ဦးနှင့် အမျိုးသား၊ အမျိုးသမီး ၆ ဦး ဒဏ်ရာ အသေးစားရရှိခဲ့သည်။

ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦးအား နီးစပ်သည့်ဆေးခန်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူပြီး ကျန်ရှိသူ ၆ ဦးအား ရပ်ရွာတွင် ဆေးကုသမှုပေးထားရကြောင်း သိရသည်။

ဒဏ်ရာ ရရှိခဲ့သူများမှာ အဖဦးအောင်လင်း နှင့် အမိ ဒေါ်ဝိုင်းချစ်စိုးတို့၏ သားငယ် အသက် ၁ နှစ် ကျော်အရွယ် မောင်မင်းသိန်းစံ၊ အဖ ဦးမောင်သန်း နှင့်အမိ ဒေါ် မနုတို့၏သမီး အသက် ၂၂ နှစ်အရွယ် မခင်မြင့်သန်း၊ အဖ ချေချေဘု၏သမီး အသက် ၁၅နှစ်အရွယ် မယုမွန်အေး၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ရီရီအေး၊ တစ်ခြားအသက်မသိရသေးသူ ဦးမြနု၊ လှလှဌေး၊ ဆန်းဦးနွယ်၊ ဦးကျော်တင် နှင့် အေးနုသာတို့ဖြစ်ကြသည်။

၎င်းထဲတွင် ကလေးငယ် မောင်မင်းသိန်းစံ၏ ဝမ်းဗိုက်ဒဏ်ရာနှင့် မခင်မြင့်သန်း ခေါင်းကွဲ ဒဏ်ရာများ ပြင်းထန်လျက်ရှိပြီး မြို့ပေါ်ဆေးရုံများသို့ ပို့ဆောင်နေကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ရွာထဲမှာ ပေါက်ကွဲသွားတယ်ဆိုတော့ အကုန်လုံးထိခိုက်ဒဏ်ရာရရှိသွားတယ်၊ ပြင်းထန်တဲ့သူက ၂ ယောက်ရတယ်၊ ဆေးရုံကို ပို့နေတယ်” ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအား AB News မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလိုင်းပြတ်တောက်နေသည့်အတွက် ဆက်သွယ်၍ မရရှိခဲ့ပေ။

ရက္ခိုင်တွင် တိုက်ပွဲကာလ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ သေဆုံးသူ ၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၇၂ ဦးထိရှိသည်။ ၎င်းတို့မှာ စစ်ကောင်စီမှ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်သောကြောင့် သေဆုံး ဒဏ်ရာရကြသူများဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့အစည်းသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော ပြည်သူများသို့ လက်နက်ကြီး၊ လက်နက်ငယ်များ နေ့တိုင်းပစ်ခတ်လျက်ရှိခြင်း၊ ဒရုန်းများဖြင့် လူနေအိမ်များသို့ ဗုံးကြဲချခြင်း နှင့်

ဗုံးခိုကျင်းတူးထားသည့် မြို့များအား ပြန်ဖျက်ခိုင်းခြင်းကို ပြုလုပ်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း ရက္ခိုင်ရှိမီဒီယာများအား ပိတ်ပင်ခြင်း၊ သတင်းသမားများအား လိုက်လံရှာဖွယ်ဖမ်းဆီးခြင်း၊ အရပ်ဖက်လူမှု့အဖွဲ့အစည်းများအား ဝင်ရောက်စီးနင်းခြင်း၊ မီဒီများမှရေးသားသည့် သတင်းများအား စကစ ဝါဒဖြန့် Telegram Channels များတွင် သတင်းအမှားဟု ထုတ်လွှင့်နေခြင်း၊ ပြည်သူများအား သတင်းအမှောင်ချကြိုးစားနေခြင်းများကို စကစ အကြမ်းဖက်အဖွဲ့က တစိုက်မတ်မတ် ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီ အကြမ်းဖက်အဖွဲ့များသည် ပြည်သူများအား အဓိက ပစ်မှတ်ထားလာသည့်အတွက်ကြောင့် ဒေသခံပြည်သူ ​သိန်းနှင့် ချီထွက်ပြေးနေရပြီး စားနပ်ရိက္ခါအခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ​ဒေသခံများပြောပြချက် အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ