
AB News – သြဂုတ် ၁၅၊ ၂၀၂၅
မျိုးဟိန်း
မကွေးတိုင်းတွင် ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ တစ်လခွဲအတွင်း စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၅၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်လိုက်သည်။
သေဆုံးသူများတွင် အမျိုးသမီး ၅၀ ဦးနှင့် အမျိုးသား ၁၀၄ ဦး ပါဝင်ပြီး၊ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၆ ဦးလည်း ပါဝင်ကြောင်း AAPP က ဆိုသည်။
အဆိုပါ သေဆုံးမှုများအနက် ၇၉ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၂၃ ဦးမှာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားစုစုပေါင်း ၇၀၆၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၉၅၄၅ ဦးရှိပြီး ၂၂၃၀၄ ဦးမှာ လက်ရှိတွင် အကျဉ်းကျခံနေရဆဲဖြစ်ကာ ၁၀၉၈၃ ဦးကို ထောင်ဒဏ်ချမှတ်ထားပြီးဖြစ်သည်ဟု AAPP က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့တွင်လည်း မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မုန်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်ရင်းတစ်ခုမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေါ်ဆွေမာဦး ဆိုသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ်မြို့ကိုလည်း သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောသည်။
မြို့ပေါင်း ၆၃ မြို့ကို လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်မှုမရှိတော့သည့် နယ်မြေများတွင် အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။