Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တော မြို့နယ်မှ စစ်တွေတက္ကသိုလ်ကျောင်းသားများအား နေရပ်ပြန်နိုင်ရန် ထောက်ခံစာမထုတ်ပေး

( နေရပ်ပြန်နိုင်ရေးအတွက် တက္ကသိုလ် အာဏာပိုင်များသို့ ကျောင်းသားသမဂ္ဂမှ တိုက်တွန်းသွားမည် ဟု သိရ)

AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသည့် ပေါက်တောမြို့/နယ်မှ ကျောင်းသူ/သားများအား နေရပ်ပြန်နိုင်ရေး ထောက်ခံစာ ထုတ်ပေးခွင့်မရှိသည့်အတွက် ၎င်းကျောင်းသား/သူများ နေရပ်ပြန်နိုင်ရေး တက္ကသိုလ် အာဏာပိုင်များသို့ ကျောင်းသားသမဂ္ဂမှ တိုက်တွန်းသွားမည် ဟု ယနေ့တွင်ပြောဆိုလိုက်သည်။

ကျောင်းသားကဒ်ပြ၍ လိုအပ်သည့်ထောက်ခံစာများကို စစ်တွေတက္ကသိုလ် တာဝန်ရှိသူများမှ ထုတ်ပေးနေသည့်အတွက် ပေါက်တောမှ စစ်တွေတက္ကသိုလ်ကျောင်းသားများအား နေရပ်ပြန်​ခွင့်ရရှိအောင် ကျောင်းအာဏာပိုင်များကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကျောင်းသားသမဂ္ဂ ဌာနမှူး ကိုမင်းကိုအောင်က AB News သို့ပြောသည်။

” ကျောင်းသားကတ်တွေကိုတော့ တက္ကသိုလ်အာဏာပိုင်တွေကထုတ်ပေးပါတယ်။ ကျနော်တို့ ကဒ်ထုတ်ပေးလို့ရအောင်တိုက်တွန်းသွားမယ်၊ တကယ်လို့ ပေါက်တောကို ပြန်လို့မရဘူး၊ အမျိုးတွေက နယ်ဖက်ဆီ စစ်ဘေးရှောင်နေတာ​တွေရှိတယ်ဆိုရင် ရှိတဲ့စစ်ဘေးရှောင်နေရာကိုရောက်အောင် ကျနော်တို့က တက္ကသိုလ် အာဏာပိုင်တွေဆီ တိုက်တွန်းသွားဖို့ရှိပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် မင်းပြား၊ မြေပုံ၊ ဂွ၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ အစရှိသည့် မြို့နယ်များမှ ကျောင်းသူ/သားများအား ထောက်ခံစာများနှင့် ပြန်ခွင့်ပြုထားသော်လည်း ပေါက်တောမြို့/နယ်တို့ကို ပြန်ခွင့်မပြုပေ။

စစ်တွေတက္ကသိုလ်ရှိ မေဂျာအသီးသီးတွင်တက်ရောက်နေသည့် ပေါက်တောမြို့/နယ် မှကျောင်းသူ/သားများ ၂၀၀၀ ကျော်ခန့်ရှိနေပြီး တက္ကသိုလ်ကျောင်းမှလည်း အဆောင်များ၊ စီစဥ်ပေးခြင်းမရှိသည့်အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေနေရကြောင်း သိရသည်။

ယခုလို နေရပ်ပြန်ခွင့်မရှိသည့်အတွက် နေစရာအဆောင်များအခက်အခဲ ရှိလာရုံသာမက ထမင်းစားရန် ငွေကြေးများလည်း လိုအပ်နေကြောင်း ပေါက်တောမြို့မှ တက္ကသိုလ်ကျောင်းသား EC တစ်ဦးက AB News သို့ ပြောသည်။

” ကျောင်းသားတစ်ယောက် အနေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာကိုပြန်ခွင့်မရှိရင် အခက်အခဲဖြစ်နိုင်ပါတယ်။ စစ်တွေမှာ ကုန်စျေးနှုန်းတွေလည်း အရမ်းခက်တယ်။ တစ်ချို့ဆိုရင် မိဘတွေနဲဲ့အဆက်အသွယ်မရလို့ သွားချင်သူတွေရှိပါတယ်။ ထမင်းတစ်နပ်စားရင် ၄၀၀၀ ပေးရတယ် ၊ ပိုက်ဆံတွေလည်းမရှိတော့ အခက်တွေ့နေရပါတယ် ” ဟု ဆိုသည်။

စစ်တွေတွင် ထမင်းတစ်နပ်ကို ၄၀၀၀ ကျပ်ဖြင့် ဝယ်ယူစားသောက်နေရခြင်း၊ မိသားစုဆွေမျိုးအိမ်များမရှိ၍ ဘုန်းတော်ကြီးကျောင်းများတွင် တည်းခိုနေရခြင်း၊ ယောက်ကျားများအတွက် ကြုံသလိုနေနိုင်သော်လည်း မိန်းကလေးကျောင်းသူများအတွက် အလွန်အန္တရာယ်ရှိနိုင်လာကြောင်း ကျောင်းသူ/ ကျောင်းသားများပြောပြချက်အရ သိရသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားများသည် နေစရာအဆောင်များမရှိသည့်အတွက် Facebook လူမှုကွန်ယက်စာမျက်နှာတွင် ကြော်ငြာထားသည့် နေအိမ်များတွင် သွားရောက် နေထိုင်မှုများရှိကြကြောင်း AB News က စုံစမ်းသိရှိရသည်။

ပေါက်တောရှိ ကျောင်းသူ/သားများ၏ မိဘအချို့သည် စစ်ကောင်စီ၏ပစ်သတ်ခြင်းခံခဲ့ရသူများရှိသလို့ လောကထိပ်ပန် ဘုရားကြီး ရင်ပြင်ဘေး ဗိမာန်တော်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း ရှိသည့်အတွက် ငွေကြေးတောင်းရန် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ