Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့တွင်း နေအိမ်တွင် ပိတ်မိနေသည့် မိသားစုဝင် ၆ ဦးအား စစ်ကောင်စီက ဖမ်းဆီးသွား

AB News – နိုဝင်ဘာ ၁၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင်း နေအိမ်တွင် ပုန်းခိုနေသည့် ဒေါ်ကြိုင်နုဖြူ မိသားစုဝင် ၆ ဦးအား စစ်ကောင်စီမှ ယနေ့နံနက် ၈ နာရီခွဲတွင် ဖမ်းဆီးသွားခဲ့ကြောင်း AB News ကထောက်လှမ်းသိရှိရသည်။

ထိုမိသားစုသည် နေအိမ်တွင် ပိတ်မိနေသူများဖြစ်ပြီး စကစတပ်ဖွဲ့ဝင်များ တွေ့သွား၍ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“မိသားစုတွေ ပုန်းခိုနေကြတာပါ၊ ထမင်းလည်းမစားရဘူး၊ စကစတပ်ဖွဲ့ဝင်တွေ တွေ့လို့ ဖမ်းခေါ်သွားတယ်” ဟုဆိုသည်။

၎င်းအပြင် နောက်ထပ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရကြောင်း အမည်နှင့်တကွ သိရသူများမှာ ရပ်ကွက် ၂ မှ အောင်သီဟနှင့် ရပ်ကွက် ၃ မှ သာထက်ကျော် တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပေါက်တောမြို့တွင်းတွင် စစ်ကောင်စီတပ်က ပြန်လည် သိမ်းပိုက်ပြီးနောက် ပိတ်မိ၍ ပုန်းခိုနေကြရသူများသည် မိုးကြိုးသံကိုပင် လက်နက်ကြီးသံဟု ထင်ယောင် ထင်မှားဖြစ်နေကြပြီး လာရောက် ကယ်ထုတ်မည့်သူ မရှိဖြစ်နေကြကြောင်း သိရသည်။

လောကထိပ်ပန်ဘုရားတွင် ဖမ်းဆီးခြင်းခံရသူ ၈ ဦး၏အမည်များအား အတည်ပြုနိုင်သော်လည်းနောက်ထပ် အမည်အတည်မပြုနိုင်သည့်လူဦးရေ ၉၀ ကျော်ရှိနေသေးသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ပေါက်တောမြို့အား စစ်ကောင်စီတပ်ကပြန်လည် ထိမ်းချုပ်ရန်လုပ်စဥ် ပစ်သတ်ခံရ၍ သေဆုံးသွားသူများအား အတည်ပြုနိုင်ရန် AB News က လက်လှမ်းမှီသလောက် စာရင်းသစ်ပြုစုချက်အရ ရပ်ကွက် ၁ မှ မဲဒေါင်း၊ ဦးကျော်စိုး၊ ကုလားချေနှင့် တစ်ခြား အမည်မသိရသေးသူ ၅ ဦးတို့ရှိကြောင်း ထပ်မံ သိရသည်။

စန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်၏ ဖခင်ဖြစ်သူ ဘုန်းကြီးတစ်ပါး၊ ရပ်ကွက် ၁ မှ ကျော်စိုးလင်း နှင့် ဘားချေ၊ ဦးဌေးဝင်း၊ ဒေါ်မကျော့သိန်းနှင့် ရပ်ကွက် ၂ မှ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်မစောမြတို့အား နိုဝင်ဘာလ ၁၇ ရက်နေ့က ပေါက်တောမြို့ နာရေးကူညီမှုအသင်းက မီးသင်္ဂြိုလ်ခဲ့ကြောင်း AB News က ဖော်ပြခဲ့ပြီးဖြစ်သည်။

ပေါက်တောမြို့တွင် စစ်ကောင်စီ၏ ပစ်သတ်ခံရ၍ သေဆုံးသူ ၂၂ ဦးရှိကြောင်း AB News က အတည်ပြုထားပြီးဖြစ်သော်လည်း နောက်ထပ်လည်း ရှိနိုင်သေးကြောင်း ပေါက်တောမြို့ထဲမှ ထွက်ပြေးလွတ်မြောက်လာသူ အချို့က ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ