AB News – ဧပြီ ၁၂၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ် အနောက်ရဲ(မူဆလင်)ကျေးရွာကို စစ်ကောင်စီမှ ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့၊ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့ကြောင်း ဒေသခံများမှ ပြောသည်။
၎င်းဗုံးများသည် အနောက်ရဲ(မူဆလင်)ကျေးရွာအနီးအနားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ မူဆလင်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများသို့ လေကြောင်းဗုံးကြဲချမှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်ရွံ့နေရကြောင်း သိရသည်။
“ဒီရွာနားမှာ ဘာတိုက်ပွဲမှဖြစ်တာ မရှိဘူး။ ဘာလို့ ပစ်မှန်းလည်း မသိဘူး၊ ဒီလို တိုက်ပွဲမဖြစ်တဲ့ ရွာတွေကို ခုလို ဗုံးလာကြဲတာ။ အသက်အန္တာရယ်တွေ တော်တော်စိုးရိမ်နေရပါတယ်” ဟု အနောက်ရဲ(မူဆလင်)ကျေးရွာ သား တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် နယ်မြေများတွင်ရှိသော ဘာသာရေးအဆောက်အဦး စာသင်ကျောင်း၊ ဆေးရုံများနှင့် ဒုက္ခသည်စခန်းများကို လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေကြောင်း ရက္ခိုင်လူမှုရေးတက်ကြွသူများက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာမှ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးတစ်ဦးအပါအဝင် စစ်ရှောင်လေးဦးသေဆုံးခဲ့သည်။