Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောနယ်တွင် စကစအဖွဲ့ကပစ်သည့် လက်နက်ငယ်ကျည်ထိ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ၊ စကစမီးရှို့၍ ၁၉ အိမ်ပြာကျ

AB News – ဒီဇင်ဘာ ၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ် မနော်သီရီကျေးရွာတွင် အကြမ်းဖက် စကစ အဖွဲ့က ပစ်သည့် လက်နက်ငယ် ကျည်ထိ၍ အမျိုး သမီးတစ်ဦး ဒဏ်ရာရရှိပြီး အိမ် ၁၉ လုံးမီးလောင်ပြာကျသွားခဲ့ကြောင်း AB News မှ ထောက်လှမ်း သိရသည်။

အကြမ်းဖက် စကစ အဖွဲ့သည် ယမန်နေ့ မနက်ပိုင်း ဒီဇင်ဘာလ ၅ ရက်နေ့ ၁၀ နာရီကျော်တွင် ရေတပ် နေဗီမှလက်နက်ကြီးပစ်ခတ်ခဲ့ပြီးနောက် မနော်သီရိရွာထဲသို့ဝင်၍ မီးရှို့ဖျက်စီးခဲ့သည်။

လက်နက်ငယ်ကျည်ကြောင့် ဒဏ်ရာရရှိသူမှာ အသက် ၂၈ ကျော်အရွယ် မအေးအေးချိုဖြစ်သည်။

လက်ငယ်များဖြင့်ပစ်ခတ်၍ ဝင်လာသည့်အတွက် ဒေသခံအမျိုးသမီးငယ် မအေးအေးချို၏ ခြေထောက်တွင် ဒဏ်ရာရရှိသွားခဲ့ပြီး အိမ် များကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” စစ်ကောင်စီရေတပ်အဖွဲ့တွေ ရွာထဲကို လက်နက်ငယ်တွေ ပစ်ပြီးဝင်လာပါတယ်၊ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရသွားတယ်၊ အိမ်တွေကို လည်း မီးရှို့ခဲ့တယ် “ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့က မီးရှို့၍ ပြာကျသောနေအိမ်များမှာ ဦးအေးထွန်း ၊ ဦးစောရွှေမောင်၊ ဦးဒေါ်ခင်မေသန်း၊ ဦးထွန်းမောင်၊ ဒေါ်မစိန်ကျော့၊ ဒေါ်မစောဖြူ၊ ဦးစံရွှေမောင်၊ ဦးမောင်ချမ်းသာ၊ ဒေါ်စိန်နုယဥ်၊ ဒေါ်ကြည်မေ၊ ဦးစိုးသန်းဌေး၊ ဦးကိုကိုနိုင်၊ ဦးရွှေမောင်သာ၊ ဦးမောင်တင်လှ၊ ဦးအောင်နိုင်လင်း၊ ဦးစံမောင်ဝင်း၊ ဦးသန်းထွန်းအောင်၊ ဦးရွှေမောင်ထွန်း နှင့် ဦးအေးခိုင်ဖြူ တို့၏နေအိမ်များ ဖြစ်ကြသည်။

ဦးထွန်းယဥ်အိမ်မှာ တစ်ခြမ်းမီးလောင်သွားခဲ့ပြီး၊ ကျန်အိမ်များမှာ အိမ်လုံးကျွတ် မီးလောင် ပြာကျသွားခဲ့သည်ဟု ရွာသားများ ပြောပြချက်အရ သိရသည်။

မနော်သီရိတွင် အိမ်ခြေ ၂၁၀ ရှိပြီး လူဦးရေအရေအတွက် ၉၈၄ ဦးရှိပြီး ၉၅၀ခန့် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ၎င်းရွာသို့ မနက်ပိုင်း ၁၀ နာရီကျော်နှင့် နေ့လည် ၂ နာရီကျော်တို့တွင် ၂ ကြိမ်တိုင်တိုင် မီးရှို့ ဖျက်စီးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ရက္ခိုင်တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့က မီးရှို့၍ ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့မဈေး၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာ၊ ခမောင်းတောရွာနှင့် ပေါက်တောမြို့နယ် မနော်သီရိရွာတို့မှာ မီးလောင်ပြာကျခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ