AB News – ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာအတွင်းရှိ ဈေးတန်းကို ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီ၊ ၇ မိနစ်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်အား AB News က ကွင်းဆင်းစုံစမ်းပြီး တင်ဆက်ပေးခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦးအပါအဝင် ဈေးရောင်း၊ ဈေးဝယ်လုပ်နေသည့် အပြစ်မဲ့ အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများက AB News သို့ အတည်ပြုပြောဆိုသည်။
“ဒီနေ့ နေ့လယ် ၂ နာရီ ကျော်မှာ ယိုးငူရွာရဲ့ စျေးတန်းကို စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာတစ်စီးက ဗုံးလာချသွားတယ်။ လေယာဥ်လာသံတောင် မကြားလိုက်ဘူး ဗုံးက ချသွားပြီး။ စျေးတန်းကို တည့်တည့်ကျပြီး အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် အရပ်သား ၁၇ ယောက်လောက် သေတယ်။ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ သူတွေလည်း ရှိပါတယ်။ ဘာအပြစ်မှမရှိတဲ့ ပြည်သူတွေကို တမင်သက်သက်လာပြီး ဗုံးကြဲ သတ်ဖြတ်နေတာ” ဟု ပြောသည်။
အဆိုပါ ယိုးငူကျေးရွာသည် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် ကျေးရွာဖြစ်ရာ ထိုဗုံးကြဲမှုအတွင်း စစ်ဘေးရှောင်ပြည်သူများလည်း ထိခိုက်သေဆုံးခဲ့ကြောင်း စစ်တွေမြို့မှ စစ်ရှောင်တစ်ဦးက AB News ကို ပြောသည်။
“စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ရွာကိုမှ ဗုံးလာကြဲတော့ နေစရာမရှိတော့သလို ခံစားရတယ်။ အဲလိုမျိုး မကြုံချင်လို့ စစ်ဘေးရှောင်လာတာ။ မရှိ ရှိတာကို ရောင်းပြီး ကြုံရာကျပန်းလုပ်လို့ အသက်ရှင်နေရတာ။ စျေးလေးရောင်းပြီး ထမင်းတလုပ်ကို ရှာစားနေတာမှာ အသက်ပါ ပေးလိုက်ရတယ်။ ဒီလိုမျိုး အပြစ်မဲ့ပြည်သူတွေကို မတိုက်ခိုက်ဖို့ ပြောချင်ပါတယ်။ အခုလေယာဥ်သံကြားရင် ပုန်းရမလို၊ ပြေးရမလိုနဲ့ ဖြစ်နေတယ်”ဟု ပြောသည်။
ယင်းအပြင် အဆိုပါ ဗုံးကြဲမှုကြောင့် နေအိမ် ၁၀ ဆောင်ကျော် မီးလောင် ပျက်စီးသွားခဲ့ရာ ဒေသခံများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။
စစ်ကော်မရှင်သည် ရက္ခိုင်ပြည်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ည ၉ နာရီကျော်အချိန်တွင်လည်း မြောက်ဦးနှင့် ကျောက်တော်ကို တစ်ပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဆီဆိုင်ကွင်းဟောင်းအနီး)တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားတွင် နေထိုင်သည့် အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်။
အလားတူ မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်တွင် စစ်ဘေးရှောင်နေထိုင်ကြသည့် လသားအရွယ်ကလေးငယ် ၁ ဦးနှင့် မိဘနှစ်ပါးစလုံးမှာ ယင်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
လက်ရှိတွင် အာရက္ခတပ်တော်ထံ နယ်မြေအများစုကို လက်လွှတ်ဆုံးရှုံးထားရသော စစ်ကော်မရှင်တပ်သည် ၎င်းတို့လက်လွှတ်ဆုံးရှူံးလိုက်ရသည့် မြို့၊ ရွာများကို နေ့စဥ်ရက်ဆက် လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေသည် ကို တွေ့ရသည်။
ပုံစာ – ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီ၊ ၇ မိနစ်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို ဗုံးကြဲတိုက်ခိုက်၍ အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦးအပါအဝင် ၁၇ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ဈေးဆိုင်တန်းများနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်ကို မြင်တွေ့ရခြင်း။














