Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီအဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အိမ်ခြေအများအပြားပျက်စီး

AB News – မတ်လ ၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ရာအိမ်ခြေအများအပြား ပျက်စီးသွားခဲ့ရကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့မတ်လ ၈ရက်၊ နံနက် ၉ နာရီကျော်အချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်တွေမြို့နယ် အခြေစိုက် ပါဒလိတ် ၃၅၃ တပ်ရင်းမှ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်သို့ ဟောင်ဝှစ်ဇာအမြှောက်ဖြင့် လက်နက်ကြီးများတရစပ်ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် မြို့ပေါ်ရှိနေအိမ်အများအပြားပျက်စီးသွားခဲ့ရကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

” လက်နက်ကြီးက တရစပ်ပစ်ခတ်တာပါ။ အတွဲလိုက်ဒုံးတွေလည်းပါတယ်။ အိမ်တွေအများကြီးပျက်စီးသွားတယ်။ လမ်းမပေါ်လည်း မထွက်ရဲဘူး ” ဟုဆိုသည်။

စစ်ကောင်စီသည် မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် ၁ နာရီကျော်အထိ အဆက်မပြတ်ပစ်ခတ်ခဲ့သည့်အတွက် အနီးအနားရှိ ရွာများမှပြည်သူများလည်း စိုးရိမ်ထိတ်လန့်ခဲ့ရသည်။

ခမရ ၅၅၀ တပ်ရင်းကို လက်လွှတ်ဆုံးရှူံး ခဲ့ရသည့်စစ်ကောင်စီအဖွဲ့ဝင်များသည် လက်နက်ကြီးများ၊ ဂျက်ဖိုက်တာ၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ် တို့ဖြင့် မကြာခဏ လာရောက်ပစ်ခတ်လေ့ရှိသည့်အတွက် အိမ်ခြေအများအပြားပျက်စီး နေရကြောင်း အမျိုးသား တစ်ဦးက ဆက်ပြောသည်။

” သူတို့ရဲ့ စခန်းကကျသွားပြီလေ။ ဒါကို လက်နက်ကြီးနဲ့ပစ်တယ်၊၊ နေဗီတွေကလည်းလှမ်းပစ်တယ်၊၊ လေယာဥ်တွေနဲ့ပစ်တာလည်းရှိတယ်။ နေ့တိုင်းလိုလိုလာပစ်တာပါ။ အိမ်တွေအများကြီး ပျက်စီးသွားပါပြီ “ဟု ဆိုသည်။

စစ်ကောင်စီ၏ ကြည်း၊ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့တွင် အိမ်ခြေမည်မျှပျက်စီးသွားသည်ကိုကား တိတိကျကျမသိရှိရသေးပေ။

၎င်း ကိစ္စကိုအတည်ပြုနိုင်ရန်အတွက် AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီး စခန်းဧရိယာများကိုလည်း မိုင်းရှင်းလင်းရေး ပြုလုပ်နေကြောင်း သိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ