Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် စစ်ကျန် မိုင်းနင်းမိပြီး ခူမီးအမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

AB News-မတ်လ ၅၊ ၂၀၂၄

ယမန်နေ့ မတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီက ပလက်ဝမြို့မှ ခူမီးလူမျိုး အမျိုးသမီး ၂ ဦးမှာ စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာအနီးတွင် ဟင်းရှာနေစဥ် မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်ရရှိသွားကြကြောင်း သိရသည်။

၎င်းတို့မှာ ပလက်ဝမြို့ ရိက္ခာရပ်ကွက်မှ ဖြစ်ပြီး၊ အသက် ၃၈ နှစ်အရွယ် ဒေါ်အေးမြစိန်နှင့် အသက် ၅၁ နှစ်အရွယ် ဒေါ်ရီရီစိုး တို့ဖြစ်ကြသည်။

ဒေါ်အေးမြစိန်မှာ မိုင်းနင်းမိပြီး ဘယ်ဖက် ခြေဖဝါး ပြတ်ထွက်သွားကာ၊ ဒေါ်ရီရီစိုးတွင်လည်း ညာဖက်မျက်လုံးအောက်တွင် မိုင်းစထိမှန် ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

လက်ရှိတွင် စစ်ကျန်မိုင်း နင်းမိပြီး ဒဏ်ရာရရှိခဲ့သူ ၂ ဦးအား ပလက်ဝမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူထားကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်းချခဲ့သည့် နေရာများနှင့် အနီးဝန်းကျင်၊ တိုက်ပွဲ ဖြစ်ခဲ့သောနေရာများကို အသွားအလာ မလုပ်ဘဲ ရှောင်ရန်နှင့် မသင်္ခါသည့် ပစ္စည်းတို/စ များကိုလည်း ကောက်ယူခြင်း၊ ထုခွဲခြင်း၊ မီးရှို့ခြင်းများ မပြုလုပ်ကြရန် အရေးကြီးသည်။

ပလက်ဝနှင့် ရက္ခိုင်ပြည်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီသည် အများပြည်သူများသွားလာနေသည့် နေရာများတွင် မြေမြုပ်မိုင်းများကို ထောင်နေသည့်အတွက် နေ့စဉ်နှင့်အမျှ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရ နေရသည်။

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ပြည်သူများအား စစ်ကောင်စီ၏ တပ်စခန်းဟောင်းများကို မသွားရန်နှင့် စစ်ကျန်လက်နက်ပစ္စည်းများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ အသိပေးကြရန် ရက္ခိုင့်တပ်တော်က အသိပေးထုတ်ပြန်ထားသည်။

ယမန်နေ့ မတ်လ ၄ရက်၌ ပြုလုပ်သည့် ရက္ခိုင့်တပ်တော် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ကျန် မိုင်းများကို အချိန်နှင့် တပြေးညီ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ