သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နောင်ပိန် ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုကြောင့် စစ်ရှောင်ပြည်သူ ၁၀ ဦးကျော် သေဆုံး
နောင်ပိန် ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုကြောင့် စစ်ရှောင်ပြည်သူ ၁၀ ဦးကျော် သေဆုံး

AB News – သြဂုတ် ၂၁၊ ၂၀၂၅
ဒေဝီ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ထားသော နောင်ပိန်ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကော်မရှင်တပ်က စစ်ဘေးရှောင်များ ခိုလှုံရာ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တီးရွာရှိ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၁၀ ဦးကျော် သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPP/SSA တပ်ဖွဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ ၄၀၀ နီးပါးရှိနေပြီး၊ လက်ရှိတွင် တိုက်ပွဲများကြောင့် ကယ်ဆယ်ရေးနှင့် ဆေးဝါးထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် နောင်ပိန်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်သောကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်းလည်းဆိုသည်။

သြဂုတ်လ ၁၉ ရက်နေ့မှစ၍ စစ်ကော်မရှင်လက်အောက်ခံ တပ်မ ၁၁ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်၊ ထန်းတပင်ရွာကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဒေသခံများက TNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ပြောသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကော်မရှင်တပ် နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စစ်ကော်မရှင်က ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ သီပေါမြို့များကို ပြန်လည်တောင်းဆိုခဲ့သော်လည်း TNLA က ငြင်းဆန်ခဲ့သည်။

ထိုသို့ ငြင်းဆန်ခဲ့ပြီးနောက်ပိုင်းတွင် စစ်ကော်မရှင်သည် လေကြောင်းပစ်ကူဖြင့် မြေပြင်ထိုးစစ်ဆင်ကာ နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပြီး၊ ကျောက်မဲနှင့် မိုးကုတ်မြို့တို့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ