Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့ကို အာဏာသိမ်းစစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်

AB News – ဖေဖော်ဝါရီလ ၁၃၊ ၂၀၂၄

တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့ကို ယနေ့ဖေဖော်ဝါရီလ ၁၃ရက်နေ့ ညနေ ၃နာရီခန့်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ရက်၊ ညနေ ၃နာရီခန့်တွင် စစ်ကောင်စီအဖွဲ့ က ကျောက်ဖြူမြို့ကို စစ်ရဟတ်များဖြင့် ဗုံးကြဲ ပစ်ခတ်ခဲ့ကြောင်း ​ကျောက်ဖြူမြို့ခံ ၁ဦး ပြောသည်။

“ဒီနေ့ နေ့ခင်း အချိန်မှာ ကျောက်ဖြူမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ကုလဘာရွာနဲ့ နပျိုးချောင်းရွာကြားရှိ တောတောင်တွေမှာ တိုက်ပွဲဖြစ်ပွားနေတာတွေရှိတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်သံ ဆက်တိုက်ကြားနေရတယ််။ ညနေ ၃နာရီကျော် အချိန်မှာ စစ်ကောင်စီက စစ်ရဟတ်ယာဥ်တွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်” ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့်  ကုလဘာရွာနဲ့ နပျိုးချောင်းရွာကြားရှိ တောတောင်များကို မင်းတက်တောင်ရွာအနီးရှိ ဒိုးတန်းတောင်တပ်တွင် တပ်စွဲအခြေစိုက်ထားသည့် အမှတ် ၃၂ ရဲတပ်ရင်းနှင့် ကျောက်တလုံးစစ်ဆေးရေးဂိတ်အနီးရှိ  ခမရ ၅၄၂ တို့မှလည်း လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း သိရသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ကုလာဘာရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ယနေ့ ၃နာရီခန့်အချိန်တွင် ကုလဘာရွာနှင့် နပျိုးချောင်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကုလားဘာ၊ မင်းတက်တောင်၊ နပျိုးချောင်း၊ ပြိုင်းစေ့ကေရွာများမှ ဒေသခံများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့၌လည်း ယမန်နေ့၊ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က စစ်ကောင်စီ၏ ခမရ ၅၄၂ တပ်ရင်းဗျူဟာကုန်းမှလည်းကောင်း၊ ဂုံးချွိန်တိုက်နယ်၊ ချောင်းဝကျေးရွာနှင့် ဂေါ်တူကျေးရွာကြား ပင်လယ်ပြင်၌ ရပ်နားထားသည့်  တိုက်ခိုက်ရေးနေဗီသင်္ဘောတစ်စီးမှလည်းကောင်း၊ ပြိုင်းစေ့ကေကျေးရွားအနီး ညောင်စိန်တောင်နားမှလည်းကောင်း ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် (၇၀) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ညနေပိုင်း ၇ နာရီအချိန်ထိလည်း စစ်ကောင်စီ၏ ခမရ ၅၄၂ တပ်ရင်းဗျူဟာကုန်း နှင့် ညောင်စိန်ကျေးရွာအနီးမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ