သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဇွန်လအတွင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၄ ဦး သေဆုံး

AB News – ဇူလိုင် ၁၁၊ ၂၀၂၅
မျိုးဟိန်း

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လတစ်လတည်းအတွင်း အမျိုးသမီး ၃၄ ဦး သေဆုံးခဲ့ပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (Women’s League of Burma – WLB) က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် အမျိုးသမီးကလေးငယ် ၄ ဦးလည်း ပါဝင်သည်။

ဇွန်လအတွင်း အမျိုးသမီးသေဆုံးမှု ဖြစ်ခဲ့သည့်ဒေသများမှာ-
( ၁ ) စစ်ကိုင်းတိုင်းဒေသကြီးတွင် (၇) ဦး
( ၂ ) မန္တလေးတိုင်းဒေသကြီး (၅) ဦး
( ၃ )ကရင်ပြည်နယ် (၅) ဦး
( ၄ )ရှမ်းပြည်နယ် (၅) ဦး
( ၅ )ရက္ခိုင်ပြည်(၄) ဦး
( ၆) မကွေးတိုင်းဒေသကြီး (၃) ဦး
( ၇ )ပဲခူးတိုင်းဒေသကြီး (၃) ဦး
( ၈ )ကချင်ပြည်နယ် (၂) ဦး
( ၉ )မွန်ပြည်နယ် (၁) ဦး တို့ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ယခုနှစ် ဇွန်လအတွင်း အမျိုးသမီးသေဆုံးမှု အမြင့်ဆုံးဒေသဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသမီးများ ထိခိုက်သေဆုံးရသည့် အဓိကအကြောင်းရင်းများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ကျည်ထိမှန်မှု၊ သတ်ဖြတ်ခံရမှု၊ မြေမြှုပ်မိုင်းထိခိုက်မှု၊ ရိုက်နှက်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် ဖြစ်သည်။

အထူးသဖြင့် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့ရာ သေဆုံးမှုအများဆုံးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ၄ နှစ်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် အမျိုးသမီးများ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရကြောင်း WLB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ