
AB News- ဇူလိုင် ၃၁၊ ၂၀၂၅
ဒေဝီ
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှကျေးရွာ ရဲစခန်းနှင့် ရွှေပန်းတောကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကျဥ်းသားနှင့် သံသယတရားခံများအပါအဝင် ၂၄ ဦး သေဆုံးခဲ့ပြီး ၃၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီခွဲ ဝန်းကျင်က အကြမ်းဖက် စစ်ကောင်စီသည် စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှကျေးရွာ ရဲစခန်းနှင့် ရွှေပန်းတောကျေးရွာတို့ကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း လက်ပန်လှရဲစခန်းရှိ ပြစ်ဒဏ်ကျ အကျဥ်းသားများနှင့် စစ်ဆေးနေဆဲ သံသယ တရားခံများဖြစ်သည့် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၃၀ နီးပါးထိရှိခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် ဗုံးကြဲမှုအတွင်း ရွှေပန်းတောကျေးရွာက အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၄ရက်၊ ၁၄ရက်နှင့် ၁၇ ရက်နေ့တို့တွင်လည်း လက်ပန်လှကျေးရွာကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၄၀ နီးပါးသေဆုံးခဲ့ရပြီး စာသင်ကျောင်း၊ စျေးဆိုင်ခန်းများနှင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်နေသည်ကို တွေ့ရှိရသည်။
လက်ပန်လှကျေးရွာ ရဲစခန်းအပြင် ရွှေပန်းတောကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY PDF)နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။