Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့မဈေးကြီးကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၀ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

စစ်တွေမြို့မဈေးကြီးကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၀ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

AB News – ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့ရှိ မြို့မဈေးကြီးကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ယနေ့ ဖေဖော်ဝါရီလ ၂၉၊ နံနက် ၈နာရီ ၁၅ မိနစ်အချိန်တွင် အရပ်သား ၁၀ဦးထက်မနည်း သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

စစ်တွေမြို့၊ ပွိုင့် ရေတပ်စခန်းအနီး၌ ကျောက်ချထားသည့် စစ်သင်္ဘောမှ ပစ်ခတ်သော လက်နက်ကြီးကျည်သည် စစ်တွေမြို့မဈေး၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉၊ နံနက် ၈နာရီ ၁၅ မိနစ်အချိန်တွင် ပွိုင့်ရေတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် စစ်တွေမြို့မဈေး ငါးဈေးတန်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဈေးလာဝယ်သည့် အရပ်သားပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ကျော်ခန့် ဒဏ်ရာရှိခဲ့ကြောင်း စစ်တွေမြို့ခံ ၁ဦးက ပြောသည်။

“လက်နက်ကြီးဟာ ဈေးထဲက ငါးဈေးတန်း နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ မနက်အချိန်ဆိုတော့ စျေးမှာ လူတွေက အများကြီးပါဘဲ။ လက်နက်ကြီး ပေါက်ကွဲတော့ ဈေးဝယ်သူတွေက ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ များတယ်” ဟု ဆိုသည်။

စစ်တွေမြို့မဈေးကြီးအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသူ ၁၀ဦးထက်မနည်းရှိပြီး ဒဏ်ရာရရှိသူ ၂၀ကျော်ကို စစ်တွေမြို့မဆေးရုံကြီးသို့ ပို့‌ဆောင်ပြီး အရေး‌ပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် အချိန်မှ စ၍ စစ်တွေမြို့မဈေးကြီးကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး မြို့အတွင်း၌ လမ်းများလည်း လုံခြုံရေးများ တိုးမြင့်ချထားကာ လမ်းပိတ်ဆို့ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ရက်နေ့ ညဉ့် ၁နာရီ ၂၅မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်၊ သေကန်ရွာမှ ရွာသား ၃၀ကျော် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော် ပျက်စီးခဲ့ရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင်လည်း မင်းပြားမြို့ရှိ မင်းဖူးအရပ်ဖက် ပုဂ္ဂလိကဆေးရုံကို လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူများနှင့် စစ်ကောင်စီသုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များလည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ