
AB News-ဒီဇင်ဘာ ၂၀၊ ၂၀၂၄
ရက္ခိုင်ပြည်၊ စစ်တွေတွင် အကြမ်းဖက် စစ်ကောင်စီသည် မူဆလင်ကယ်ဆယ်ရေးစခန်းများနှင့် မူဆလင်ကျေးရွာများမှ မူဆလင်များအား စစ်မှုမထမ်းမနေရ အတင်းအကြပ် စစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ခန့်သည် စစ်တွေမြို့နယ် ဘုမေရွာထဲသို့ ဝင်ရောက်ကာ မူဆလင်များအား စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။
“ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဘုမေရွာထဲ စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ ဝင်လာပြီးတော့ မူဆလင်တွေကို လိုက်ဖမ်းတာရှိခဲ့ပါတယ်။ စစ်သား အင်အား ၅၀၀ ကျော်မယ်၊ မူဆလင်တွေလည်း ထွက်ပြေးသွားကြတယ်လို့ ကြားပါတယ်။ တချို့တော့ ဖမ်းခေါ်သွားတယ်ကြားတယ်” ဟုပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများမှ တစ်အိမ် ၁ ယောက်ကျ စစ်မှုမထမ်းမနေရ ဟု ကျေးရွာတာဝန်ခံများအား စစ်ကောင်စီက ခေါ်ယူ၍ ဖိအားပေးပြောဆိုကြောင်း သတင်းရင်းမြစ် တစ်ဦးက AB News သို့ ပြောသည်။
“ယခုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်မှာရှိတဲ့ မူဆလင်ရွာတွေက တစ်အိမ်တစ်ယောက်စီ စစ်မှုထမ်းရမယ်၊ မထမ်းလို့မရဘူး။ အသာတကြည်နဲ့မလာရင် ရွာဝင်ပြီးဖမ်းမယ်လို့ ပြောတယ်” ဟု ဆိုသည်။
ထို့အပြင် စစ်တွေမြို့နယ်ရှိ မူဆလင်ကယ်ဆယ်ရေး စခန်းများမှလည်း တစ်အိမ် တစ်ယောက်ကျစီ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီက ဖိအားပေး ပြောဆိုထားကြောင်း သိရသည်။
“Camp တွေက မူဆလင်တွေကိုလည်း တစ်အိမ် တစ်ယောက်ကျ မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပါတယ်။ အရင်ကလည်း ကယ်ဆယ်ရေးစခန်းက မူဆလင်တွေကို စစ်မှုထမ်းဖို့ ခေါ်ထားလို့ရှိပါတယ်” ဟုဆိုသည်။
စစ်တွေတွင် မူဆလင်ကယ်ဆယ်ရေးစခန်း ၁၄ ခုရှိပြီး အိမ်ထောင်စု ၁၇၀၀၀ ကျော်ရှိကာ လူဦးရေ ၁ သိန်းဝန်းကျင်ရှိကြောင်း ၂၀၁၇ ခုနှစ်ထုတ် INGO အဖွဲ့အစည်းများ၏ စာရင်းအချက်အလက်များအရ သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် မူဆလင်များအား စစ်သင်တန်းပေး လက်နက်များတပ်ဆင်ပေးကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများတွင် အသုံးချခဲ့သည်ကို တွေ့ရသည်။
စစ်တွေမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။