Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့က ရမ်းဗြဲမြို့အား ဂျက်လေယာဉ်၊ ဒရုန်းတို့ဖြင့်ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီအဖွဲ့က ရမ်းဗြဲမြို့အား ဂျက်လေယာဉ်၊ ဒရုန်းတို့ဖြင့်ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

AB News- ဒီဇင်ဘာ ၁၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ရမ်းဗြဲမြို့တွင် စစ်ကောင်စီအဖွဲ့က ဂျက်လေယာဉ်နှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ် အချိန်တွင် စစ်ကောင်စီအဖွဲ့သည် ရမ်းဗြဲမြို့မတိုက်နယ်အား ဒရုန်းဖြင့် ၃ ကြိမ် လာ‌ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံ ၁ ဦးက AB News သို့ပြောသည်။

“ညနေ ၃ နာရီ ၃၀ကျော်မှာ ကျမတို့ မြို့မတိုက်နယ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ပြည်သူတွေထွက်ပြေးနေကြရတယ်။မနက်ကလည်း တိုက်ပွဲဖြစ်တော့ ရပ်ကွက်တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ ပြီးတော့ ရှောက်ချောင်းရွာကိုလည်း ဗုံးကြဲသွားခဲ့တယ်” ဟုဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်း ၈ နာရီခွဲတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့သည် ရမ်းဗြဲမြို့ လောင်းချောင်းရပ်ကွက်အနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကန်ဒိုင်းတိုက်နယ်ရှိ ရှောက်ချောင်းကျေးရွာနှင့် အခြားကျေးရွာများအား ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခဲ့သည်။

စစ်ကောင်စီအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်သည့် အပြင် ဗုံးကြဲတိုက်ခိုက်ခဲ့သော‌ကြောင့် ရမ်းဗြဲမြို့ရှိ အပြစ်မဲ့ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများမှတဆင့်သိရှိရသည်။

ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးမှုများအား အသေးစိတ်ရရှိနိုင်ရန် AB News ကကြိုးစားနေသော်လည်း ရမ်းဗြဲမြို့ထဲရှိ ဆက်သွယ်ရေးတာဝါတိုင်များတွင် စက်သုံးဆီပြတ်လပ်နေသည့် အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်လျက်ရှိနေ၍ အသေးစိတ်အချက်အလက်များအား ဆက်သွယ်ရယူနိုင်ခြင်း မရှိ​သေးပေ။

လက်ရှိတွင် ရမ်းဗြဲမြို့နယ်ရှိ အရပ်သားပြည်သူများမှာ စစ်ကောင်စီအဖွဲ့၏ အစုလိုက်အပြုံလိုက် ဖမ်းဆီး၊ သတ်ဖြတ်ခြင်း ခံရမည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ