Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအကြမ်းဖက်အဖွဲ့ ရေတပ်နေဗီများမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါက်တောမြို့တွင်း မီးထပ်လောင်နေ

( မီးလောင်ကျွမ်းမှု ၅ ကြိမ်ခန့်ရှိပြီဟု သိရ)

AB News – နိုဝင်ဘာ ၃၀၊ ၂၀၂၃

စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ ရေတပ်နေဗီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပေါက်တောမြို့ ဘဝမ်းရပ်ကွက်တွင် လောင်မှုထပ်မံဖြစ်ပွားနေပြီး၊ ၅ ကြိမ်မြောက် မီးလောင်ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်တောမြစ်တစ်လျှောက်၌ ရှိသည် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ နေဗီများမှ မြို့ထဲသို့ လှမ်းပစ်၍ မီးလောင်သွားကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ပေါက်တောမြစ်ထဲမှာ နေဗီတွေအထိုင်ချထားတယ်၊ အဲဒီကနေမြို့ထဲကို လှမ်းပစ်ပေးတယ်၊ အဲဒါကနေ မီးလောင်တာပါ” ဟု ဆိုသည်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးလှမ်းကူပစ်ပေးမှုကြောင့် ၎င်းတို့ တပ်ဖွဲ့ဝင်တစ်ချို့ သေဆုံးသွားသည်ဟုလည်း AB News က စုံစမ်းသိရှိရသည်။

ရက္ခိုင့်တပ်တော်က ပေါက်တောမြို့အတွင်း ပိတ်မိနေသည့် ပြည်သူများအား ကယ်ထုတ်ကန်ရန်ကြိုးစားနေဆဲအချိန်တွင် စစ်ကောင်စီ အကြမ်းဖက်အဖွဲ့မှ ကြည်း၊ ရေ၊ လေ တို့ကိုအသုံးပြုပြီး ပြည်သူများသို့ ဦးတည်ပစ်ခတ်နေခြင်း၊ နေအိမ်များသို့ ဗုံးကြဲချမှုများကို ပြုလုပ်လျက်ရှိသည်။

အကြမ်းဖက် သောင်းကျန်းသူ စစ်ကောင်စီအဖွဲ့၏ နေဗီများမှာ ပေါက်တောမြို့အနီး စိုင်းတုတ်မြစ်တွင် ၂ စီး၊ နန်းတက်ကျွန်းမြစ်တက်တွင် ၁ စီး၊ တောင်းဖူး အပေါက်ချေဝတွင် ၁ စီးရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့ခင်း ၁၂ နာရီ ၄၀ မိနစ်တွင် စကစမှ ဂျက်လေယာဥ်ဖြင့် ပေါက်တောမြို့သို့ ဗုံးကြဲချမှုကြောင့် ရပ်ကွက် ၃ အနီးတစ်ဝိုက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က စကစ အကြမ်းဖက်အဖွဲ့ ရဟတ်ယာဥ်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး အနီးရှိ အဆောင်များတွင် ကျရောက်ပေါက်ကွဲပြီး မီးလောင်သွားခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်၌ သဝင်ချောင်းအနီးတွင်တပ်စွဲထားသည့် စကစ ရေတပ်နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့ အကွက် ၂ နှင့် ၃ ကြားရှိနေအိမ်တစ်ချို့ မီးလောင် ပျက်စီးခဲ့ရသည်။

အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့ လည် ၁၂ နာရီကျော်တွင် စကစ ရေတပ်နေဗီမှ လက်နက်ကြီးကျည်ထိမှန်၍ စျေးဆိုင်တစ်ချို့နှင့် သစ်ဆိုင်အနည်းငယ် မီးလောင်သွားခဲ့သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပိတ်မိနေပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ရရှိခဲ့ပြီး ၎င်းတို့အား ရက္ခိုင့်တပ်တော်မှ ကယ်ထုတ်နိုင်ခဲ့​သည်။

အကြမ်းဖက်စစ်ကောင်စီ အဖွဲ့သည် လေတပ်၊ ရေတပ် အပါအဝင် ဒရုန်းတပ်များဖြင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့နယ်တို့တွင် ပေါ်ပေါ်ထင်ထင်အသုံးပြုလာခဲ့ပြီး ဒဏ်ရာရရှိသူဦးရေလည်း များပြားလာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ