Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက မြို့နယ် ၂ ခုတွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိ၍ အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးသေဆုံး၊ ဆယ်ကျော်သက်လူငယ် ၁ ဦးဒဏ်ရာရ၊ အိမ် ၂ ဆောင်ပျက်စီး

စစ်ကောင်စီက မြို့နယ် ၂ ခုတွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ဆယ်ကျော်သက်လူငယ် ၁ ဦးဒဏ်ရာရရှိသွားခဲ့ကာ အိမ် ၂ ဆောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ 

သေဆုံးသွားသူမှာ အမ်းမြို့နယ် ကြောင်ဖြူကွင်းရွာမှ အသက် ၁၀ နှစ်အရွယ် မောင်နေထူးနိုင်ဖြစ်သည်။ 

ယနေ့ဧပြီလ ၉ ရက်၊ ညနေ ၉ နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အမ်းအခြေစိုက် ခမရ ၃၇၃ တပ်ရင်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ကြောင်ဖြူကွင်းရွာသို့ကျရောက်ပေါက်ကွဲပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

အမ်းအခြေစိုက် ၃၇၃ တပ်ရင်းကနေလှမ်းပစ်တာပါ။ ရွာထဲမှာ ၁ လုံးကျရောက်ပေါက်ကွဲတယ်။ ကလေး ၁ ဦးပွဲချင်းပြီးသေသွားတယ်။ အိမ် ၁ ဆောင်လည်း ပျက်စီးသွားတယ်။ ဟု

အမ်းမြို့ခံတစ်ဦးကဆိုသည်။

အလားတူ ယနေ့ ၁၂ နာရီကျော်တွင် သံတွဲမြို့နယ် ခမောင်းတုန်းရွာနှင့် ဆင်းခေါင်းရွာအကြား ကျောက်ချရပ်နားထားသည့် စစ်ကောင်စီ ရေတပ်နေဗီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ညိုရွာတွင် ကျရောက်ပေါက်ကွဲပြီး လူငယ် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ဒဏ်ရာရရှိသွားသူမှာ သံတွဲမြို့နယ်၊ တောင်ညိုရွာမှ အသက် ၁၆ နှစ်အရွယ် မောင်ဖြိုးမင်းဟိန်းဖြစ်သည်။ 

ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်ပြီး ဦးဖိုးခေါင်ဖြူ၏နေအိမ်လည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။ 

စစ်တွေမြို့အနီး ကျေးတောရွာအောက်ဖက်ရှိ ပြည်သူပိုင် ဘုတ် ၂စီးကို စစ်ကောင်စီအဖွဲ့က ယနေ့ ဧပြီလ ၉ရက်နေ့တွင်  မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးသို့  စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံး ၂ ကြိမ် ၄ လုံး ကြဲချခဲ့သောကြောင့် အသက်  ၁၈ နှစ်အရွယ် လူငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရှိသွားခဲ့သည်။ 

စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒိုင်ကလေး ရွာမှ ပြည်သူ ၄ ဦးဒဏ်ရာရရှိသွားကြောင်း သိရသော်လည်း AB News က သီးခြားအတည်မပြုနိုင်သေးပေ။

အကြမ်းဖက် စစ်ကောင်စီသည် ရက္ခိုင်ရှိ မြို့နယ်များသို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နေ့စဥ်ရက်ဆက်ပစ်ခတ်လျက်ရှိသည်။ 

နောက်ဆက်တွဲသတင်းများကို AB News ကဆက်လက်ဖော်ပြပေးသွားမည်။

#ABN #အမ်း #သံတွဲ 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ