Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ဘာသာရေးအဆောက်အဦး ဘုရား၊ပုထိုးစေတီများအား ခံတပ်အ​ဖြစ် အခိုင်အမာတပ်စွဲထားခဲ့သည့် မြောက်ဦး သင်းကျစ်တော်တောင်မြင်ကွင်း

AB News – ဧပြီ ၄၊ ၂၀၂၄

ဂျင်နီဗာကွန်ဗင်းရှင်းအရ ဘာသာရေးအဆောက်အဦးများတွင် တပ်စွဲနေထိုင်ခြင်း၊ တည်းခိုခြင်း၊ ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းများကို ကန့်သတ်ထားသော်လည်း စစ်ကောင်စီသည် ထိုစည်းကမ်းဥပဒေကိုချိုးဖောက်နေသည်ကို ရက္ခိုင်ပြည်တွင်းတွင် အထင်အရှားတွေ့ရသည်။

သင်းကျစ်တော်တောင်ရင်ပြင်တော်တွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့်တပ်စွဲနေထိုင်ခဲ့ပြီး သာသနာ့မြေပေါ်၌ ကတုတ်ကျင်းများ တူးခြင်း၊ သဲအိတ်များနှင့် ကာဗာတွင်းများပြုလုပ်ခြင်းများနှင့် ပီပါဗူးများဖြင့် ခံတပ်ကိုအခိုင်အမာတည်ဆောက်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီက ပြည်သူကိုသတ်ဖြတ်ရန်အတွက် ဓမ္မအမွေ၊ သမိုင်းအမွေအနှစ်များတွင် ခံတပ်အဖြစ်တည်ဆောက်ထားခဲ့သည့်အတွက် အလွန်ဆိုးရွားကြောင်း အုတ်ဖိုကန် ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” စစ်ကောင်စီက စစ်ရေးနဲ့မဆိုင်တဲ့ ဘုရားရင်ပြင်တွေမှာ ပြည်သူကိုသတ်ဖြတ်ဖို့အတွက် ခံတပ်တွေ လုပ်ထားတာတွေ့ရတယ်။ ဒီတောင်က ဓမ္မအမွေလည်းဖြစ်သလို၊ သမိုင်းအမွေအနှစ်တွေလည်းဖြစ်ပါတယ်။ စစ်ဖြစ်လာရင် ဒါတွေကိုကာဗာယူပြီး သတ်မှာပေါ့။ ပြီးတော့ စေတီတွေကိုလည်း ဖျက်ဆီးပစ်နိုင်ပါတယ်။ အရမ်းဆိုးရွားပါတယ် “ဟု ဆိုသည်။

အ​​ကြမ်းဖက် စစ်ကောင်စီသည် မြောက်ဦးမြို့နှင့် ကျောက်တော်မြို့ကြား ရန်ကုန် – စစ်တွေကားလမ်းမပေါ်တွင် တည်ရှိသော သင်းကျစ်တော်တောင်၊ လင်းမွေတောင်တို့၌ ၂၀၁၈ -၂၀၁၉ ခုနှစ်များမှ စတင်ကာ အခြေချတပ်စွဲထားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့​ပြီး စစ်​ကောင်စီ၏ အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း AA ကဆိုထားသည်။

စစ်ကောင်စီသည် သမိုင်းဝင်သာသနာ့မြေတွင် လောင်းကစားခြင်း ( ဖဲကစားခြင်း)၊ အရက်သေစာသောက်စားခြင်းများ ပြုလုပ်ခဲ့သည့် သက်သေ ဖဲရွက်များနှင့် အရက်ပုလင်းများစွာတို့ကိုလည်း ဘုရားရင်ပြင်တော်တွင် တွေ့ရသည်။

စစ်ကောင်စီသည် ကျောက်တော်မြို့ သေလာဂီရီမောရပဗ္ဗတတောင်၊ မင်းပြားမြို့ ကျိန်းတောင် နှင့် ရသေ့တောင်မြို့ ရသေ့ညီနောင်ရှင်တစ်ထောင်ဘုရားတို့အပြင် ရက္ခိုင်ပြည်တလွှားရှိ ဘုရားပုထိုးများ တည်ရှိရာ တောင်ကုန်း၊ ဘုန်းတော်ကြီးကျောင်းများတွင် စခန်းချခြင်း၊ လက်နက်ကြီးများတပ်ဆင်ပြီး အခြေချတပ်စွဲခြင်းကို ပြုလုပ်သည်ကို တွေ့ရသည်။

ထို့အပြင် လူနေ ရပ်ကွက်များ၊ ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ရှေးဟောင်းအမွေအနှစ်များ၊ ဆေးဖက်ဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများကို စစ်ကောင်စီသည် ကြည်း ရေ လေ ဖြင့် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ- မြောက်ဦးမြို့နယ်၊ သင်းကျစ်တော်တောင်ဘုရားရင်ပြင်တွင် စစ်ကောင်စီတပ် အခြေချ တပ်စွဲ နေထိုင်ခဲ့ပြီး ခံတပ်အဖြစ် အခိုင်အမာတည်ဆောက်ထားခဲ့သည်ကို တွေ့ရစဥ်/ABN

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ