Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ပြည်သူများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရန် အသင့်ပြင်ထားသည့် ဒီဂရီ အကွာအဝေးအမှတ်အသားကို မြောက်ဦး ခရိုင်ရဲစခန်းတွင်တွေ့ရှိ

AB News – ဒီဇင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီက ပြည်သူများသို့ လက်နက်ကြီးများဖြင့် အချိန်ကိုက် ပစ်ခတ်ရန် ချိန်ရွယ်ထားသော ဒီဂရီ၊ မီတာအကွာအဝေးအမှတ်အသားများကို မြောက်ဦး ခရိုင်ရဲစခန်းတွင်တွေ့ရှိ​ကြောင်း သိရသည်။

ပြည်သူများကို အင်အားပြခြိမ်းခြောက်နေသော စကစလက်အောက်ခံ မြောက်ဦးခရိုင်ရဲစခန်းကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာလ ၂၄ ရက်နေ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ရဟတ်ယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရိုင်ရုံး၊ ထွေအုပ်ရုံးတို့အား လက်နက်ကျည်ထိမှန်သွားခဲ့သည်။ ၃ ရက်တာအတွင်း စကစ၏စခန်းများကို AA ကသိမ်းပိုက်နိုင်ခဲ့ပြီး ဝင်ရောက်နေရာယူစဥ် ၎င်းပစ်မှတ်များကို တွေ့ရခြင်းဖြစ်သည်။

စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ချိန်ရွယ်ဦးတည်ထားသော မြောက်ဦးမြို့အနီးတစ်ဝိုက်ရှိ ပစ်မှတ်များမှာ ( ၁) မြောက်ဦးခရိုင်ရဲစခန်းမှ ဘုရားသုံးဆူကုန်း ဓနိတောသို့ ၁၃၀ ဒီဂရီ ၆၀၀ မီတာ၊ ( ၂) ထမ္မရစ်သို့ ၃၅၀ ဒီဂရီ ၂၅၀၀ မီတာ၊ ( ၃) ရေကန်ကွေ့သို့ ၃၂၀ ဒီဂရီ ၃၃၀ မီတာ၊ ( ၄) တာဘောင်ထိပ်ကုန်းသို့ ၁၀ ဒီဂရီ ၁၅၀၀ မီတာ နှင့်မြောက်ဦးကင်းဆိပ်သို့ ၂၁၀ ဒီဂရီ ၂၂၀၀ မီတာအကွာအဝေးတို့ဖြင့် ပြည်သူနေ ရပ်ကွက် ရွာများကို တမင်ရည်ရွယ်၍ မပည ယူထားသည်ကိုတွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့က စစ်ရာဇဝတ်မှုကိုကျူးလွန်ရန်အတွက် ပြည်သူများသို့ အချိန်ကိုက်ပစ်မှတ်ဦးတည်ထားခြင်းမှာ အလွန်ထိတ်လန့်သွားခဲ့ကြောင်း မြောက်ဦး မြို့ခံ တစ်ဦးက AB News သို့ပြောသည်။

“သူတို့ကအခုလို ပစ်မှတ်တွေထားတာကို ကျနော်တို့မသိပါဘူး၊ စစ်ရာဇာဝတ်မှုကို ကျူးလွန်ဖို့ ကြိုတင်လုပ်ထားတာကို တွေ့ရတော့ အရမ်းထိတ်လန့်သွားပါတယ်၊ အန္တရာယ်လည်း ရှိပါတယ်” ဟု ဆိုသည်။

ထို့အပြင် ပြီးခဲဲ့သည့်လများတွင်လည်း မြောက်ဦးမြို့နယ် တိန်ညိုအနီးတွင် စကစ၏ ပစ်မှတ်များကို တွေ့ရသည်။

၎င်းတို့မှာတိန်ညိုရွာဟောင်းလမ်းတံတားသို့ ၇၀ ဒီဂရီ ၅၄၀ မီတာ၊ တင်းထိန်ကန်ရွာထိပ်လမ်းသို့ ၂၀၄ ဒီဂရီ၊ ၃၆၇၀ မီတာ၊ ရွှေကျင်ပြင်ရွာသို့ ၂၉၄ ဒီဂရီ ၃၀၅၀ မီတာ၊ သပြေကန်ရွာသို့ ၃၀၈ ဒီဂရီ ၁၇၀၀ မီတာ၊ ပြိုင်းတောင်ရွာသို့ ၁၀၂ ဒီဂရီ ၂၄၃၀ မီတာ၊ လိပ်ဆင်းပြင်ရွာသို့ ၃၃၆ ဒီဂရီ ၃၄၈၀ မီတာ၊ အောက်သကန်ရွာသို့ ၈၄ ဒီဂရီ ၁၃၄၀ မီတာ၊ တိန်ညိုတံတားသို့ ၈၇ ဒီဂရီ ၇၃၇ မီတာ၊ အိုးထိမ်းရွာသို့ ၃၃၉ ဒီဂရီ ၃၂၇၀ မီတာတို့ကို တွေ့ရှိရသည်။

ရက္ခိုင်ဒေသအတွင်း စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှူံးနေရသော စစ်ကောင်စီအဖွဲ့က ပြည်သူများကို သတ်ဖြတ်ရန် အချိန်ကိုက်ပစ်မှတ်များကိုပါ အသုံးပြုလာခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းများကိုလုယက်ခြင်းများ နှင့်စပါးခင်းများကို မီးရှို့ပျက်စီးလာမှုကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဒီဇင်ဘာလ ၂၄ရက် မှ ၂၆ရက်နေ့ထိ စစ်ကောင်စီအဖွဲ့နှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီးများ၊ ဒရုန်းများ၊ တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့မှ အပြစ်မဲ့ပြည်သူ ၁၄ဦးသေဆုံးခဲ့ပြီး ၁၈ ဦးထက်နည်း ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ