သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူတစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

AB News- ဇူလိုင် ၈၊ ၂၀၂၅
ဒေဝီ

စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA သိမ်းပိုက်ထားသော ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းရှိ အောက်ဆီဂျင်စက်ရုံအနီးသို့ ယနေ့ ဇူလိုင်လ ၈ ရက်၊ နံနက် ၉ နာရီကျော်တွင် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သဖြင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၁ ဦးမှာ စိုးရိမ်ရကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၉ ရက်နေ့ က ကျောက်မဲမြို့ ၁ ရပ်ကွက်၊ ပင်လုံလမ်း၊ ကမ္ဘောဇရှမ်းကျောင်းအနီးသို့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဇွန်လ ၂၆ ရက်နေ့က ကျောက်မဲမြို့နယ်၊ရပ်ကွက် (၇)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး (၁)ဦး‌ သေဆုံးခဲ့ပြီးအမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ထိုအပြင် ဇွန်လ ၂၄ ရက်နေ့လည်း ကျောက်မဲမြို့အတွင်းစစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၂)ဦးအပါအ၀င်(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄၉)အိမ်နှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။

ထို့ကြောင့် TNLAက မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ