
AB News – ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်သော စခန်းကို စစ်ကော်မရှင်တပ်က ယမန်နေ့ နံနက်ပိုင်းအချိန်ခန့်က ဆူဆိုဒ်ဒရုန်း ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူ ၂ ဦး ဒဏ်ရာ ရရှိခဲ့ရသည်။
စစ်ကော်မရှင်တပ်က ယမန်နေ့ နံနက် ၁၁ နာရီနှင့် ၁၁ နာရီ၊ ၅ မိနစ်အချိန်ခန့်တွင် ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာနားရှိ ယာယီစစ်ဘေးရှောင်စခန်းတစ်ခုကို ဆူဆိုဒ်ဒရုန်းအသုံးပြု၍ လေကြောင်းဗုံးကြဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ် ၁ ဦးက AB News သို့ အတည်ပြုပြောဆိုခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်ခိုလုံနေသည့် ကျောက်ဖြူမြို့နယ်၊ သပြုတောင်ကျေးရွာမှ အသက် ၇၈ နှစ်အရွယ် ဦးမောင်နုစိန်နှင့် ဇိုင်ချောင်းကျေးရွာမှ အသက် ၄၈ နှစ်အရွယ် ဦးမောင်ခင်ထွန်း တို့ ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ နေ့လည် ၂ နာရီကျော်အချိန်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ပေါင် ၃၀၀ ဗုံးအပါအဝင် မီးလောင်ဗုံးတို့ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် စစ်ဘေးရှောင်ပြည်သူ ၁၇ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၆ ဦးထိရှိကြောင်း သိရသည်။